သံယုတ္တနိကာယ်—၅၄

၁—ဧကဓမ္မဝဂ်

၁—ဧကဓမ္မသုတ်

၉၇၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ တစ်ခုသော တရားကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း၊ ထွက်သက်ဝင်သက်ကို အောက်မေ့မှု ‘အာနာပါနဿတိ’ပင်တည်း။ ရဟန်းတို့အဘယ်သို့လျှင် အာနာပါနဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင်ထွက်သက် လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည် ထွက်သက်လေကိုထုတ်လျှင် လည်း “ရှည်ရှည် ထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည် ဝင်သက်လေကိုရှူလျှင်လည်း “ရှည် ရှည် ဝင်သက်လေကို ရှူ၏”ဟု သိ၏။ တိုတို ထွက်သက်လေကို ထုတ်လျှင်လည်း့”တိုတို ထွက်သက် လေကို ထုတ်၏”ဟု သိ၏၊ တိုတို ဝင်သက်လေကို ရှူလျှင်လည်း “တိုတိုဝင်သက်လေကို ရှူ၏”ဟု သိ၏။ အစအလယ်အဆုံး အလုံးစုံသော ထွက်လေအပေါင်းကို”ထင်ရှားသိလျက် ထွက်သက်လေကို ထုတ် မည်”ဟု ကျင့်၏၊ အစအလယ်အဆုံး အလုံးစုံသောဝင်လေအပေါင်းကို “ထင်ရှားသိလျက် ဝင်သက်လေကို ရှူမည်”ဟု အားထုတ်၍ ကျင့်၏။ ရုန့်ရင်းသောထွက်သက်လေကို ငြိမ်းအေးစေလျက် “ထွက်သက်လေကို ထုတ်မည်”ဟု အားထုတ်၍ ကျင့်၏၊ ရုန့်ရင်းသော ဝင်သက်လေကို ငြိမ်းအေးစေလျက် “ဝင်သက်လေကို ရှူမည်”ဟု အားထုတ်၍ ကျင့်၏။ နှစ်သိမ့်မှု ‘ပီတိ’ကို ထင်ရှားသိလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ နှစ်သိမ့်မှု ‘ပီတိ’ကို ထင်ရှားသိလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့် ၏။ ချမ်းသာခြင်း ‘သုခ’ကို ထင်ရှားသိလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ ချမ်းသာခြင်း ‘သုခ’ကို ထင်ရှားသိလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။

(ဝေဒနာ, သညာဟူသော) စိတ္တသင်္ခါရကို ထင်ရှားသိလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ (ဝေဒနာ, သညာဟူသော) စိတ္တသင်္ခါရကို ထင်ရှားသိလျက် “ဝင်သက်လေကို ရှူအံ့”ဟုအားထုတ်၍ ကျင့်၏။ (ဝေဒနာ, သညာဟူသော) စိတ္တသင်္ခါရကို ချုပ်ငြိမ်းစေလျက် “ထွက်သက်လေကိုထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ (ဝေဒနာ, သညာဟူသော) စိတ္တသင်္ခါရကို ချုပ်ငြိမ်းစေလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ စိတ်ကို ထင်ရှားသိလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ စိတ်ကို ထင်ရှားသိလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ စိတ်ကိုလွန်စွာ ဝမ်းမြောက်စေလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ စိတ်ကို လွန်စွာဝမ်းမြောက်စေလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ စိတ်ကို ကောင်းစွာ ထားလျက်”ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ စိတ်ကို ကောင်းစွာ ထားလျက် “ဝင်သက်လေကိုရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ စိတ်ကို လွတ်စေလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ကျင့်၏၊ စိတ်ကို လွတ်စေလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။

အနိစ္စဟု အဖန်တစ်လဲလဲ ရှုလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ အနိစ္စဟုအဖန်တစ်လဲလဲ ရှုလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ရာဂကင်းမှုကိုအဖန်တစ်လဲလဲ ရှုလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ ရာဂကင်းမှုကိုအဖန်တစ်လဲလဲ ရှုလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ချုပ်ငြိမ်းမှုကို အဖန်တစ်လဲလဲရှုလျက် “ထွက်သက်လေ ကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ ချုပ်ငြိမ်းမှုကို အဖန်တစ်လဲလဲ ရှုလျက်”ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်”ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ် ၍ ကျင့်၏၊ စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်”ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် အာနာပါနဿတိကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုး ကြီး၏၊ အာနိသင်ကြီး၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။