သံယုတ္တနိကာယ်—၅၄

၁—ဧကဓမ္မဝဂ်

၁ဝ—ကိမိလသုတ်

၉၈၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကိမိလမြို့ဝါးတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ကိမိလကို “ကိမိလအာနာပါနဿတိသမာဓိကို အဘယ်သို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူလတ်သော် အသျှင်ကိမိလသည် ဆိတ်ဆိတ် နေလေ၏။ နှစ်ကြိမ်မြောက်လည်းမြတ်စွာဘုရားသည်။ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် အသျှင်ကိမိလကို “ကိမိလ အာနာပါန့ဿတိသမာဓိကို အဘယ်သို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း”ဟု မိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း အသျှင်ကိမိလသည် ဆိတ်ဆိတ်နေလေ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအာနာပါနဿတိသမာဓိကို ဟောတော်မူရန်အချိန်တန်ပါပြီ၊ ကောင်းသော စကားကို မိန့်ဆိုတော်မူတတ်သော မြတ်စွာဘုရားဤအာနာပါနဿတိသမာဓိကို ဟောတော် မူရန် အချိန်တန်ပါပြီ၊ မြတ်စွာဘုရား၏ အထံမှ ကြားနာရ၍ရဟန်းတို့သည် ဆောင်ထားရပါကုန်လတ္တံ့”ဟု လျှောက်၏။ အာနန္ဒာ သို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု မိန့် တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟုအသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထား၏၊ မြတ်စွာဘုရားသည်ဤတရားစကားကို ဟောတော်မူ၏—

အာနန္ဒာ အာနာပါနဿတိသမာဓိကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိ သော်အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကိုရှူ၏။ပ။ တစ်ဖန်စွန့်လွှတ်မှုကို အဖန်ဖန်ရှုလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏။ တစ်ဖန်စွန့်လွှတ်မှုကို အဖန်ဖန်ရှုလျက် “ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ အာနန္ဒာအာနာပါနဿတိသမာဓိကို ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် ရှည်ရှည်ထွက်သက်လေကို ထုတ်လျှင်လည်း “ရှည်ရှည်ထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှူလျှင်လည်း “ရှည်ရှည်ဝင်သက်လေကိုရှူ၏”ဟု သိ၏။ တိုတိုထွက်သက်လေကို ထုတ်လျှင်လည်း “တိုတိုထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ တိုတို ဝင်သက်လေကို ရှူလျှင်လည်း “တိုတိုဝင်သက်လေကို ရှူ၏”ဟု သိ၏။ “အစအလယ်အဆုံးအလုံးစုံသော ထွက်သက်လေအပေါင်းကို ထင်ရှားသိလျက် ထွက်သက်လေကို ထုတ်မည်”ဟု အားထုတ်၍ကျင့်၏၊ “အစ အလယ်အဆုံး အလုံးစုံသော ဝင်သက်လေအပေါင်းကို ထင်ရှားသိလျက် ဝင်သက်လေကိုရှူမည်”ဟု အား ထုတ်၍ ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်လေကို ငြိမ်းအေးစေလျက်ထွက်သက်လေကို ထုတ်မည်”ဟု အားထုတ်၍ ကျင့်၏၊ “ရုန့်ရင်းသော ဝင်သက်လေကိုငြိမ်းအေးစေလျက် ဝင်သက်လေကို ရှူမည်”ဟု အားထုတ်၍ ကျင့်၏။ အာနန္ဒာ ထိုအခါ၌ ရဟန်းသည်ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အ ပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အာနန္ဒာ ဤထွက်သက်ဝင်သက်ကို (ပထဝီစသော) ကာယတို့တွင် တစ်ပါး ပါဝင်သော (ဝါယော) ကာယဟု ငါ ဆို၏။ အာနန္ဒာ ထို့ကြောင့်ပင် ရဟန်းသည်ထိုအခါ၌ ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ် အပေါင်းကို အကြိမ်အကြိမ်ရှုလျက် နေ၏။ (၁)

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် “နှစ်သိမ့်ခြင်း ‘ပီတိ’ကို ထင်ရှားသိသည်ဖြစ်၍ ထွက်သက်လေကိုထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “နှစ်သိမ့်ခြင်း ‘ပီတိ’ကို ထင်ရှားသိသည်ဖြစ်၍ ဝင်သက်လေကို့ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ “ချမ်းသာခြင်း ‘သုခ’ကို ထင်ရှားသိသည် ဖြစ်၍ ထွက်သက်လေကိုထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “ချမ်းသာခြင်း ‘သုခ’ကို ထင်ရှားသိသည် ဖြစ်၍ ဝင်သက်လေကိုရှူအံ့”ဟု အား ထုတ်၍ ကျင့်၏။ “(ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကို ထင်ရှားသိသည် ဖြစ်၍ထွက်သက်လေကို ထုတ် အံ့”ဟု အားထုတ်၍ ကျင့်၏၊ “(ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကိုထင်ရှားသိသည် ဖြစ်၍ ဝင်သက် လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ “(ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ထွက် သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “(ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ အာနန္ဒာ ထိုအခါ၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ် ဖျောက်၍ ဝေဒနာတို့၌ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့် နည်း၊ အာနန္ဒာဤထွက်သက်ဝင်သက်လေတို့ကို ကောင်းစွာ နှလုံးသွင်းခြင်းကို ဝေဒနာတို့တွင် တစ်ပါး ပါဝင်သောဝေဒနာဟု ငါ ဆို၏။ အာနန္ဒာ ထို့ကြောင့်ပင် ရဟန်းသည် ထိုအခါ၌ ပြင်းစွာ အားထုတ်သည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ (၂)

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် “စိတ်ကို ထင်ရှားသိသည် ဖြစ်၍ ထွက်သက်လေကို ထုတ် အံ့”ဟုအားထုတ်၍ ကျင့်၏၊ “စိတ်ကို ထင်ရှားသိသည် ဖြစ်၍ ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ စိတ်ကို အလွန်ဝမ်းမြောက်စေလျက်။ပ။ စိတ်ကို ကောင်းစွာ တည်ကြည်စေလျက်။ “စိတ်ကို (နီဝရဏစသည်မှ) လွတ်မြောက်စေလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “စိတ်ကို (နီဝရဏစသည်မှ) လွတ်မြောက်စေလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ အာနန္ဒာ ထိုအခါ၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အာနန္ဒာ သတိလွတ်သော ဆင်ခြင်ဉာဏ် မရှိသော သူအားအာနာပါနဿတိသမာဓိ ပွားများခြင်းကို ငါ မဆို။ အာနန္ဒာ ထို့ကြောင့်ပင် ရဟန်းသည် ထိုအခါ၌ပြင်းစွာ အား ထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ (၃)

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် “မမြဲဟု အကြိမ်ကြိမ် ရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟုအားထုတ်၍ ကျင့်၏။ပ။ စွဲမက်ခြင်း ကင်းမှုကို အကြိမ်ကြိမ် ရှုလျက်။ ချုပ်မှုကို အကြိမ်ကြိမ် ရှုလျက်။ “တစ်ဖန် စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “တစ်ဖန် စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ အာနန္ဒာထိုအခါ၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌သဘောတရားတို့ကို အကြိမ် ကြိမ် ရှုလျက် နေ၏၊ ထိုရဟန်းသည် အဘိဇ္ဈာဒေါမနဿတို့ကင်းပျောက်သည်ကို ပညာဖြင့် မြင်၍ ကောင်းစွာ လျစ်လျူရှု၏။ အာနန္ဒာ ထို့ကြောင့်ပင် ရဟန်းသည်ထိုအခါ၌ ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလျက် နေ၏။ (၄)

အာနန္ဒာ လမ်းလေးခွ၌ ရှိသော မြေမှုန့်ပုံကြီးကို အရှေ့အရပ်မှ လာသော လှည်းသည်လည်းကောင်း၊ ရထားသည်လည်းကောင်း ဖျက်ဆီးသကဲ့သို့ အနောက်အရပ်မှ လာသော။ မြောက်အရပ်မှ လာသော။

တောင်အရပ်မှ လာသော လှည်းသည်လည်းကောင်း၊ ရထားသည်လည်းကောင်း ဖျက်ဆီးသကဲ့သို့အာနန္ဒာ ထို့အတူပင် ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုသည် ဖြစ်၍နေသော်လည်း အကုသိုလ်အယုတ်တရားတို့ကို ဖျက်ဆီးနိုင်သည်သာတည်း။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုသည် ဖြစ်၍ နေသော်လည်းအကုသိုလ်အယုတ်တရား တို့ကို ဖျက်ဆီးနိုင်သည်သာတည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဧကဓမ္မဝဂ် ပြီး၏။