သံယုတ္တနိကာယ်—၅၄

၂—ဒုတိယဝဂ်

၂—ကင်္ခေယျသုတ်

၉၈၈။ အခါတစ်ပါး၌ အသျှင်လောမသကံဘိယသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် အသျှင်လောမသကံဘိယထံ သို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်လောမသကံဘိယအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ထိုသေက္ခပုဂ္ဂိုလ်တို့၏ နေခြင်းမျိုးသည်ပင် မြတ်စွာဘုရား၏နေခြင်းမျိုးဖြစ်ပါသလော၊ သို့မဟုတ် သေက္ခပုဂ္ဂိုလ်တို့၏ နေခြင်းမျိုးသည် တခြားဖြစ်၍ မြတ်စွာဘုရား၏နေခြင်းမျိုးသည် တခြားဖြစ်ပါသလော”ဟု လျှောက်၏။

ဒါယကာမဟာနာမ် ထိုသေက္ခပုဂ္ဂိုလ်တို့၏ နေခြင်းမျိုးသည် မြတ်စွာဘုရား၏ နေခြင်းမျိုး မဟုတ်သည်သာတည်း၊ ဒါယကာမဟာနာမ် သေက္ခပုဂ္ဂိုလ်တို့၏ နေခြင်းမျိုးသည် တခြားဖြစ်၍ မြတ်စွာဘုရား၏နေခြင်းမျိုးသည် တခြားသာ ဖြစ်၏။ ဒါယကာမဟာနာမ် သေက္ခဖြစ်သောအရဟတ္တဖိုလ်သို့မရောက်သေး ကုန်သောအတုမရှိသော ယောဂ၏ ကုန်ရာ (နိဗ္ဗာန်) ကို တောင့်တ၍ နေကုန်သောရဟန်းတို့သည် နီဝရဏငါးပါးတို့ကို ပယ်၍ နေကုန်၏။ အဘယ်ငါးပါးတို့နည်း၊ ကာမစ္ဆန္ဒနီဝရဏကိုပယ်၍ နေကုန်၏၊ ဗျာပါဒနီဝရဏကို။ပ။ ထိနမိဒ္ဓနီဝရဏကို။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို။ ဝိစိကိစ္ဆာနီဝရဏကိုပယ်၍ နေကုန်၏။

ဒါယကာမဟာနာမ် သေက္ခဖြစ်ကုန်သောအရဟတ္တဖိုလ်သို့ မရောက်သေးကုန်သောအတုမရှိသောယောဂ၏ ကုန်ရာ (နိဗ္ဗာန်) ကို တောင့်တ၍ နေကုန်သော ရဟန်းတို့သည် ဤနီဝရဏငါးပါးတို့ကို ပယ်၍နေကုန်၏။

ဒါယကာမဟာနာမ် ပူဇော်အထူးကို ခံထိုက်ကုန်သောအာသဝကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော ခန္ဓာဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော ဘဝသံယောဇဉ် ကုန်ပြီးကုန်သော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးကုန်သောရဟန္တာရဟန်းတို့သည် နီဝရဏငါးပါးတို့ကို ပယ်ပြီး ဖြစ်ကုန်၏၊ (အဝိဇ္ဇာတဏှာ) အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်ပြီး ဖြစ်ကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်ကုန်၏၊ နောင်တစ်ဖန် မဖြစ်ခြင်းကို ပြုပြီး ဖြစ်ကုန်၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ အဘယ်ငါးပါးတို့နည်း၊ ကာမစ္ဆန္ဒနီဝရဏကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိ။ ဗျာပါဒနီဝရဏကို ပယ်ပြီးဖြစ်၏။ပ။ ထိနမိဒ္ဓနီဝရဏကို။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို။ ဝိစိကိစ္ဆာနီဝရဏကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ခြင်းသဘောမရှိ။

ဒါယကာမဟာနာမ် ပူဇော်အထူးကို ခံထိုက်ကုန်သောအာသဝကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ့ကျင့်သုံးပြီးကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော ခန္ဓာဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော ဘဝသံယောဇဉ် ကုန်ပြီးကုန်သော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးကုန်သောရဟန္တာရဟန်းတို့သည် ဤနီဝရဏငါးပါးတို့ကို ပယ်ပြီး ဖြစ်ကုန်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်ကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်ကုန်၏၊ နောင်တစ်ဖန် မဖြစ်ခြင်းကို ပြုပြီး ဖြစ်ကုန်၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ ဒါယကာမဟာနာမ် သေက္ခပုဂ္ဂိုလ်တို့၏ နေခြင်းမျိုးသည်တခြားဖြစ်၍ မြတ်စွာဘုရား၏ နေခြင်းမျိုးသည် တခြားသာတည်း၊ ထိုတခြားတစ်ပါးဖြစ်ပုံကိုဤအကြောင်း ဖြင့်လည်း သိအပ်၏။

ဒါယကာမဟာနာမ် အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ဒါယကာမဟာနာမ် ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ငါသည် သုံးလပတ်လုံး တစ်ပါးတည်း ကိန်းအောင်းနေလို၏၊ ဆွမ်းပို့မည့် ရဟန်းမှတစ်ပါး ငါ့ထံသို့ မည်သူမျှ မချဉ်းကပ်ရ”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံလျှောက်ထားကြပြီးလျှင် ဆွမ်းပို့မည့် ရဟန်းမှတစ်ပါး မည်သူမျှ မြတ်စွာဘုရားထံသို့ မချဉ်းကပ်ကုန်။

ငါ့သျှင်တို့ ထို့နောက် မြတ်စွာဘုရားသည် ထိုသုံးလလွန်သဖြင့် တစ်ပါးတည်း ကိန်းအောင်းရာမှထတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကြကုန်သော ပရိဗိုဇ်တို့က”ငါ့သျှင်တို့ အဘယ်နေခြင်းမျိုးဖြင့် ရဟန်းဂေါတမသည် မိုးလပတ်လုံး အနေများသနည်း”ဟု ဤသို့ မေးလာကြကုန်မူ ဤသို့ အမေးခံ ရကုန်သော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့အား”ငါ့သျှင်တို့ မြတ်စွာဘုရားသည် မိုးလပတ်လုံး အာနာပါနဿတိသမာဓိဖြင့် အနေများ၏”ဟု ဤသို့ ပြောကြားကုန်ရာ၏ဟု ဖြေကုန်ရာ၏။ ရဟန်းတို့ ဤသာသနာတော်၌ ငါသည် သတိရှိလျက် ထွက်သက်လေကိုထုတ်၏၊ သတိရှိလျက် ဝင်သက်လေကို ရှူ၏။ ရှည်ရှည်ထွက်သက်လေကို ထုတ်လျှင်လည်း “ရှည်ရှည်ထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှူလျှင်လည်း “ရှည်ရှည်ဝင်သက်လေကိုရှူ၏”ဟု သိ၏။ပ။ “တစ်ဖန်စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက် ထွက်သက်လေကိုထုတ်အံ့”ဟု သိ၏၊ “တစ်ဖန်စွန့်လွှတ်မှုကို အဖန်တစ်လဲလ ရှုလျက် ဝင်သက်လေကို ရှူအံ့”ဟု သိ၏။

ရဟန်းတို့ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ပြောဆိုရာ၏။ ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ပြောဆို ရာ၏။

ရဟန်းတို့ သေက္ခဖြစ်ကုန်သောအရဟတ္တဖိုလ်သို့ မရောက်သေးကုန်သောအတုမရှိသော ယောဂ၏ကုန်ရာ (နိဗ္ဗာန်) ကို တောင့်တ၍ နေကုန်သော ရဟန်းတို့အား အာနာပါနဿတိသမာဓိကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အာသဝကုန်ခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံထိုက်ကုန်သောအာသဝကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော ခန္ဓာဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော ဘဝသံယောဇဉ် ကုန်ပြီးကုန်သော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးကုန်သော ရဟန္တာရဟန်းတို့အား အာနာပါနဿတိသမာဓိကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ယခုဘဝ၌ပင် ချမ်းသာစွာ နေခြင်းငှါလည်းကောင်း၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံခြင်းငှါလည်းကောင်း ဖြစ်၏။

ရဟန်းတို့ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။

ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။ ဒါယကာမဟာနာမ် သေက္ခပုဂ္ဂိုလ်တို့၏ နေခြင်းမျိုးသည် တခြားဖြစ်၍ မြတ်စွာဘုရား၏ နေခြင်းမျိုးသည်တခြားသာတည်း၊ ထိုတခြားတစ်ပါးဖြစ်ပုံကို ဤအကြောင်းဖြင့်လည်း သိအပ်၏။ ဤသို့ မြတ်စွာဘုရားမိန့်တော်မူ၏ဟု (ဆို၏)။

ဒုတိယသုတ်။