သံယုတ္တနိကာယ်—၅၄

၂—ဒုတိယဝဂ်

၃—ပဌမ အာနန္ဒသုတ်

၉၈၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား တစ်မျိုးတည်းသော တရားကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်တရားလေးမျိုးတို့ကို ပြည့်စေ၏၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်၏၊ (ဤတရားမျိုးသည်) ရှိပါ၏လော”ဟု (လျှောက်၏)။

အာနန္ဒာ တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်တရားလေးမျိုးတို့ကို ပြည့်စေ၏၊ တရားလေးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်၏၊ (ဤတရားမျိုးသည်) ရှိသည်သာတည်း။

အသျှင်ဘုရား အဘယ်တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် တရားလေးမျိုးတို့ကို ပြည့်စေပါသနည်း၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေပါကုန်သနည်း၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေပါကုန်သနည်းဟု လျှောက်၏။

အာနန္ဒာ အာနာပါနဿတိသမာဓိတည်းဟူသော တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေ၏၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’ လွတ်မြောက်မှု ‘ဝိမုတ္တိ’ကို ပြည့်စေကုန်၏။

အာနန္ဒာ အာနာပါနဿတိသမာဓိကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည် ရှိသော်သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေသနည်း။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် သတိကို ကမ္မဋ္ဌာန်းသို့ ရှေးရှုဖြစ်စေ၍ ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည်ထွက်သက်လေကိုထုတ်လျှင် လည်း “ရှည်ရှည်ထွက်သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှူလျှင်လည်း”ရှည်ရှည် ဝင်သက်လေကို ရှူ၏”ဟု သိ၏။ပ။ “တစ်ဖန်စွန့်လွှတ်မှုကို အဖန်တလဲလဲ ရှုလျက်ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “တစ်ဖန်စွန့်လွှတ်မှုကို အဖန်တလဲလဲ ရှုလျက်ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် ရှည်ရှည်ထွက်သက်လေကို ထုတ်လျှင်လည်း “ရှည်ရှည်ထွက် သက်လေကို ထုတ်၏”ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှူလျှင်လည်း “ရှည်ရှည်ဝင်သက်လေကို ရှူ၏”ဟုသိ၏။ တိုတို။ပ။ “ရုန့်ရင်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ထုတ်အံ့”ဟုအားထုတ်၍ ကျင့်၏၊ “ရုန့်ရင်းသော ဝင်သက်လေကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူအံ့”ဟုအားထုတ်၍ ကျင့်၏။ အာနန္ဒာ ထိုအခါ၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ် အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤထွက် သက်လေ ဝင်သက်လေကို (ပထဝီစသော) ကာယတို့တွင်တစ်ပါး ပါဝင်သော (ဝါယောကာယ)ဟု ငါ ဆို၏။ အာနန္ဒာ ထို့ကြောင့်ပင် ရဟန်းသည် ထိုအခါ၌ ပြင်းစွာအားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ် အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏။ (၁)

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် “နှစ်သိမ့်ခြင်း ‘ပီတိ’ကို ထင်ရှားသိသည် ဖြစ်၍ ထွက်သက် လေကိုထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “နှစ်သိမ့်ခြင်း ‘ပီတိ’ကို ထင်ရှားသိသည် ဖြစ်၍ ဝင်သက်လေကိုရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ချမ်းသာခြင်း ‘သုခ’ကို ထင်ရှားသိသည် ဖြစ်၍။ပ။

(ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကို ထင်ရှားသိသည် ဖြစ်၍။ပ။ (ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကိုငြိမ်းစေလျက် ထွက်သက် လေကို ထုတ်အံ့ဟု အားထုတ်၍ ကျင့်၏၊ (ဝေဒနာသညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက် လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ အာနန္ဒာ ထိုအခါ၌ရဟန်းသည် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက် လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလျက်နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤထွက်သက်လေ ဝင်သက်လေတို့ကိုကောင်းစွာ နှလုံးသွင်းခြင်းကို ဝေဒနာတို့တွင် ဝေဒနာတစ် ပါးဟု ငါ ဆို၏။ အာနန္ဒာ ထိုကြောင့်ပင်ရဟန်းသည် ထိုအခါ၌ ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင် ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ (၂)

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် “စိတ်ကို ထင်ရှားသိသည် ဖြစ်၍ ထွက်သက်လေကို ထုတ်အံ့”ဟုအားထုတ်၍ ကျင့်၏၊ “စိတ်ကို ထင်ရှားသိသည် ဖြစ်၍ ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ စိတ်ကို အလွန်ဝမ်းမြောက်စေလျက်။ပ။ စိတ်ကို ကောင်းစွာ တည်စေလျက်။ပ။ “စိတ်ကို နီဝရဏစသည်မှ လွတ်မြောက်စေလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “စိတ်ကို နီဝရဏစသည်မှ လွတ်မြောက်စေလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ အာနန္ဒာ ထိုအခါ၌ရဟန်းသည် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ အာနန္ဒာ သတိလွတ်သော ဆင်ခြင်ဉာဏ် မရှိသော သူအားအာနာပါနဿတိသမာဓိ ပွားများခြင်းကို ငါ မဆို။ အာနန္ဒာ ထိုကြောင့်ပင် ရဟန်းသည် ထိုအခါ၌ပြင်းစွာ အား ထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿ ကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ (၃)

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် မမြဲဟု အကြိမ်ကြိမ် ရှုလျက်။ပ။ စွဲမက်မှု ကင်းခြင်းကိုအကြိမ်ကြိမ် ရှုလျက်။ ချုပ်မှုကို အကြိမ်ကြိမ် ရှုလျက်။ “စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက် ဝင်သက်လေကို့ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ အာနန္ဒာ ထိုအခါ၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်၍ သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ ထိုရဟန်းသည်အဘိဇ္ဈာဒေါမနဿတို့ ကင်းပျောက်သည်ကို ပညာဖြင့် မြင်၍ ကောင်းစွာ လျစ်လျူရှု၏။ အာနန္ဒာထိုကြောင့်ပင် ရဟန်းသည် ထိုအခါ၌ ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလျက် နေ၏။ (၄)

အာနန္ဒာ အာနာပါနဿတိသမာဓိကို ဤသို့ ပွါးများအပ် ဤသို့ ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေ၏။

အာနန္ဒာ သတိပဋ္ဌာန်လေးပါးတို့ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်သနည်း။

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် ထင်သော သတိရှိသည် ဖြစ်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကိုအကြိမ်ကြိမ် ရှုလျက် နေ၏၊ ထိုအခါ၌ ရဟန်းအား သတိ မလွတ်။ အာနန္ဒာ အကြင်အခါ၌ ရဟန်းအားထင်သော သတိရှိသည် ဖြစ်၍ သတိ မလွတ်၊ ထိုအခါ၌ ရဟန်းအား သတိသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ သတိသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၁)

ထိုရဟန်းသည် ထိုသို့သတိရှိသည် ဖြစ်၍ နေလတ်သော် ထိုတရားကို ပညာဖြင့် စိစစ်၏၊ လှည့်လည်ကျက်စား၏၊ အထပ်ထပ် ဆင်ခြင်ခြင်းသို့ ရောက်၏။ အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် ထိုသို့သတိရှိသည် ဖြစ်၍ နေလတ်သော် ထိုတရားကို ပညာဖြင့် စိစစ်၏၊ လှည့်လည်ကျက်စား၏၊ အထပ်ထပ်ဆင်ခြင်ခြင်းသို့ ရောက်၏။ ထိုအခါ၌ ရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၂)

ထိုတရားကို ပညာဖြင့် စိစစ်သော လှည့်လည်ကျက်စားသောအထပ်ထပ် ဆင်ခြင်ခြင်းသို့ ရောက် သောရဟန်းအား မတွန့်မဆုတ် ကြိုးစားအားထုတ်မှု ‘ဝီရိယ’သည် ဖြစ်၏။ အာနန္ဒာ အကြင်အခါ၌ ထိုတရားကို ပညာဖြင့် စိစစ်သော လှည့်လည်ကျက်စားသောအထပ်ထပ် ဆင်ခြင်ခြင်းသို့ ရောက်သောရဟန်းအား မတွန့်မဆုတ် ကြိုးစားအားထုတ်မှု ‘ဝီရိယ’သည် ဖြစ်၏၊ ထိုအခါ၌ ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ထိုအခါ၌ ဝီရိယသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၃)

ကြိုးစားအားထုတ်မှု ‘ဝီရိယ’ ရှိသော ရဟန်းအား (ကိလေသာဟူသော) အာမိသကင်းသော နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏။ အာနန္ဒာ အကြင်အခါ၌ ကြိုးစားအားထုတ်မှု ‘ဝီရိယ’ ရှိသော ရဟန်းအား (ကိလေသာဟူသော) အာမိသကင်းသော နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ ထိုအခါ၌ ရဟန်းအား ပီတိသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ပီတိသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၄)

နှစ်သိမ့်သော စိတ်ရှိသော ရဟန်းအား ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး ၏။ အာနန္ဒာ အကြင်အခါ၌ နှစ်သိမ့်သော စိတ်ရှိသော ရဟန်းအား ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏။ ထိုအခါ၌ ရဟန်းအား ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ရဟန်းအားပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၅)

ငြိမ်းအေးသော ကိုယ်ရှိသော ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ အာနန္ဒာ အကြင်အခါ၌ ငြိမ်းအေးသော ကိုယ်ရှိသော ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထိုအခါ၌ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ သမာဓိသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၆)

ထိုရဟန်းသည် ထိုသို့တည်ကြည်သော စိတ်ကို ကောင်းစွာ အညီအမျှ ရှု၏။ အာနန္ဒာ အကြင်အခါ၌ရဟန်းသည် ထိုသို့တည်ကြည်သော စိတ်ကို ကောင်းစွာ အညီအမျှ ရှု၏၊ ထိုအခါ၌ ရဟန်းအားဥပေက္ခာသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၇)

အာနန္ဒာ အကြင်အခါ၌ ရဟန်းသည် (ထင်သော သတိရှိသည် ဖြစ်၍) ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ထိုအခါ၌ ထင်သော သတိရှိသောရဟန်းအား သတိ မလွတ်။ အာနန္ဒာ အကြင်အခါ၌ ရဟန်းအား ထင်သော သတိရှိသည် ဖြစ်၍ သတိမလွတ်၊ ထိုအခါ၌ ရဟန်းအား သတိသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည်သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ သတိသမ္ဗောဇ္ဈင်သည် ရဟန်းအားပွါးများပြည့်စုံခြင်းသို့ ရောက်၏။ [ပဌမသတိပဋ္ဌာန် နည်းတူ ချဲ့အပ်၏]။

ထိုရဟန်းသည် ထိုသို့တည်ကြည်သော စိတ်ကို ကောင်းစွာ အညီအမျှ ရှု၏။ အာနန္ဒာ အကြင်အခါ၌ရဟန်းသည် ထိုသို့တည်ကြည်သော စိတ်ကို ကောင်းစွာ အညီအမျှ ရှု၏၊ ထိုအခါ၌ ရဟန်းအားဥပေက္ခာသမ္ဗောဇ္ဈင်သည် ပြည့်စုံ၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ဥပေက္ခာသမ္ဗောဇ္ဈင်သည် ရဟန်းအား ပွါးများပြည့်စုံခြင်းသို့ ရောက်၏။

အာနန္ဒာ သတိပဋ္ဌာန်လေးပါးတို့ကို ဤသို့ ပွါးများအပ် ဤသို့ ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေကုန်၏။

အာနန္ဒာ ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည် ရှိသော်အသိဉာဏ် ‘ဝိဇ္ဇာ’နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စေကုန်သနည်း။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

အာနန္ဒာ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွားများအပ် ဤသို့ ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’ နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စေကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။