သံယုတ္တနိကာယ်—၅၄

၂—ဒုတိယဝဂ်

၄—ဒုတိယ အာနန္ဒသုတ်

၉၉ဝ။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောအသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—“အာနန္ဒာ တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် တရားလေးမျိုးတို့ကို ပြည့်စေ၏၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်၏၊ (ဤတရားမျိုးသည်) ရှိသလော”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တပည့်တော်တို့အား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။ အာနန္ဒာ တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်တရားလေးမျိုးတို့ကို ပြည့်စေ၏၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်၏၊ (ဤတရားမျိုးသည်) ရှိသည်သာတည်း။

အာနန္ဒာ အဘယ်တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်တရားလေးမျိုးတို့ကို ပြည့်စေသနည်း၊ တရားလေးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်သနည်း၊ တရားခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တရားနှစ်မျိုးတို့ကို ပြည့်စေကုန်သနည်း။

အာနန္ဒာ အာနာပါနဿတိသမာဓိတည်းဟူသော တစ်မျိုးတည်းသော တရားကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေကုန်၏၊ သတိပဋ္ဌာန်လေးပါးတို့ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စေကုန်၏။

အာနန္ဒာ အာနာပါနဿတိသမာဓိကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိ သော်သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေသနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့သွားရောက်၍ဖြစ်စေ။ပ။ အာနန္ဒာ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’နှင့် လွတ်မြောက်မှု ‘ဝိမုတ္တိ’ကို ပြည့်စေကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။