သံယုတ္တနိကာယ်—၅၅

၁—ဝေဠုဒွါရဝဂ်

၁—စက္ကဝတ္တိရာဇသုတ်

၉၉၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည်။ပ။ ဤစကားကို မိန့်တော်မူ၏ — ရဟန်းတို့စကြဝတေးမင်းသည် လေးကျွန်းတို့ကို အစိုးရခြင်းကြီးမှူးခြင်းဟူသော မင်းအဖြစ်ကို ပြုစေပြီး၍ခန္ဓာကိုယ် ပျက်စီးလျက် သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်ဝယ်တာဝတိံသာနတ် တို့၏ အသင်းဝင်အဖြစ်ဖြင့် ဖြစ်ရာ၏၊ ထိုစကြဝတေးမင်းသည် ထိုနတ်ပြည်ဝယ်နန္ဒဝန်ဥယျာဉ်၌ နတ် သမီးအပေါင်း ခြံရံလျက် နတ်တို့၏ ကာမဂုဏ်ငါးပါးတို့နှင့် ကုံလုံပြည့်စုံစွာစံပယ်ခံစားရငြားသော်လည်း ထိုစကြဝတေးမင်းသည် တရားလေးမျိုးတို့နှင့် မပြည့်စုံသောကြောင့် ငရဲမှမလွတ်နိုင်၊ တိရစ္ဆာန်ဘဝမှ မလွတ်နိုင်၊ ပြိတ္တာဘုံမှ မလွတ်နိုင်၊ မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ အပါယ် မှ မလွတ်နိုင်။

ရဟန်းတို့ အရိယာတပည့်သည် ဆွမ်းခံလှည့်လည်၍ ရသော ဆွမ်းဖြင့် မျှတလျက် ပုဆိုးပိုင်းကိုစပ်ထားသော သင်္ကန်းကို ဆောင်ငြားသော်လည်း ထိုရဟန်းသည် တရားလေးမျိုးတို့နှင့် ပြည့်စုံသောကြောင့် ငရဲမှ လွတ်၏၊ တိရစ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘုံမှ လွတ်၏၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်မှ လွတ်၏။

အဘယ်လေးမျိုးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရား သည်ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိ ဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’မည်တော် မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောက ကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

“တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်ငသိနိုင်ခံစားနိုင်သော တရားတော်ပါပေ တည်း”ဟု တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

“မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့် သားသံဃာတော်သည် မှန်ကန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့်သားသံဃာတော် သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏။ အစုံအားဖြင့် လေးစုံပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက် ရှိသော မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် (အရပ်ဝေးမှ) ဆောင်ယူလာသော ဝတ္ထုကိုသော် လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော် လည်း ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက်ရည်မျှော်သောအလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ် ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာတော်၌ မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

မကျိုး မပေါက် မပြောက် မကျားကုန်သော တဏှာကျွန်အဖြစ်မှ လွတ်မြောက်စေကုန်သော ပညာရှိ တို့ချီးမွမ်းအပ်ကုန်သော မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏၊ ဤလေးပါးသော တရားတို့နှင့်ပြည့်စုံ၏။

ရဟန်းတို့ လေးကျွန်းတို့ကို ရခြင်း၊ တရားလေးမျိုးတို့ကို ရခြင်း နှစ်မျိုးတို့တွင် လေးကျွန်းတို့ကိုရခြင်းသည် တရားလေးမျိုးတို့ကို ရခြင်း၏ တစ်ဆယ့်ခြောက်စိတ်တွင် တစ်စိတ်ကိုမျှ မမှီနိုင်ပေဟု (မိန့်တော်မူ၏)။

ပဌမသုတ်။