သံယုတ္တနိကာယ်—၅၅

၁—ဝေဠုဒွါရဝဂ်

၁ဝ—တတိယ ဂိဉ္ဇကာဝသထသုတ်

၁ဝဝ၆။ အသျှင်အာနန္ဒာသည် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏— “အသျှင်ဘုရား ဉာတိကရွာ၌ ကက္ကဋမည်သော ဥပါသကာသည် ကွယ်လွန်ခဲ့ပါပြီ၊ ထိုဥပါသကာ၏ လားရာ ‘ဂတိ’ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။ အသျှင်ဘုရားဉာတိကရွာ၌ ကဠိဘမည်သော ဥပါသကာသည်။ အသျှင်ဘုရား ဉာတိကရွာ၌ နိကတမည်သော ဥပါသကာသည်။ အသျှင်ဘုရား ဉာတိကရွာ၌ ကဋိဿဟမည်သော ဥပါသကာသည်။ အသျှင်ဘုရား ဉာတိကရွာ၌တုဋ္ဌမည်သော ဥပါသကာသည်။ အသျှင်ဘုရား ဉာတိကရွာ၌ သန္တုဋ္ဌမည်သော ဥပါသကာသည်။ အသျှင်ဘုရား ဉာတိကရွာ၌ ဘဒ္ဒမည်သော ဥပါသကာသည်။ အသျှင်ဘုရား ဉာတိကရွာ၌ သုဘဒ္ဒမည်သော ဥပါသကာသည် ကွယ်လွန်ခဲ့ပါပြီ။ ထိုဥပါသကာ၏ လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကားအဘယ်ပါနည်း”ဟု (လျှောက်၏)။

အာနန္ဒာ ကွယ်လွန်သွားသော ကက္ကဋဥပါသကာသည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ထိုဗြဟ္မာ့ဘုံ၌ ဖြစ်၍ ထိုဗြဟ္မာ့ဘုံမှ ပြန်မလာဘဲ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပေတည်း။ အာနန္ဒာကဠိဘသည်။ အာနန္ဒာ နိကတသည်။ အာနန္ဒာ ကဋိဿဟသည်။ အာနန္ဒာ တုဋ္ဌသည်။ အာနန္ဒာ သန္တုဋ္ဌသည်။ အာနန္ဒာ ဘဒ္ဒသည်။ အာနန္ဒာ ကွယ်လွန်သွားသော သုဘဒ္ဒသည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ကုန်ခြင်းကြောင့် ထိုဗြဟ္မာ့ဘုံ၌ ဖြစ်၍ ထိုဗြဟ္မာ့ဘုံမှ ပြန်လာခြင်းသဘောမရှိဘဲ ပရိနိဗ္ဗာန်ပြုမည့်အနာဂါမ် ပုဂ္ဂိုလ်ပေတည်း။ [အလုံးစုံသော သူတို့ကို အလားတူ ပြုအပ်ကုန်၏]။

အာနန္ဒာ ဉာတိကရွာ၌ ကွယ်လွန်သွားကုန်သော ဥပါသကာ ငါးဆယ်ကျော်တို့သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ထိုဗြဟ္မာ့ဘုံ၌ ဖြစ်၍ ထိုဗြဟ္မာ့ဘုံမှ ပြန်လာခြင်းသဘော မရှိဘဲပရိနိဗ္ဗာန်ပြုကြမည့် အနာဂါမ်တို့တည်း။ အာနန္ဒာ ဉာတိကရွာ၌ ကွယ်လွန်သွားကုန်သော ဥပါသကာ ကိုးဆယ့်ခြောက်ယောက်တို့သည် သံယောဇဉ်သုံးပါးတို့ ကုန်သည့်ပြင် စွဲမက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’ တို့ ခေါင်းပါးခြင်းကြောင့် တစ်ကြိမ်သာ ဤ (ကာမ) ဘုံသို့လာ၍ ဆင်းရဲ၏ အဆုံးကို ပြုကြမည့် သကဒါဂါမ်တို့တည်း။ အာနန္ဒာ ဉာတိကရွာ၌ကွယ်လွန်သွားကုန်သော ဥပါသိကာ ငါးရာ့ခြောက် ယောက်တို့သည် သံယောဇဉ်သုံးပါးတို့ကုန်ခြင်းကြောင့် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေ မြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်တို့တည်း။

အာနန္ဒာ ဤအရာသည် အံ့ဖွယ် မဟုတ်၊ အာနန္ဒာ လူသားဖြစ်သူ သေတိုင်းပင် ငါဘုရားထံသို့ချဉ်းကပ်၍ ဤအကြောင်းအရာကို မေးမြန်းနေကြလျှင် မြတ်စွာဘုရားအား ပင်ပန်းခြင်းသာ ဖြစ်ရာ၏။ အာနန္ဒာ ထို့ကြောင့် ကြေးမုံတရားမည်သော ဒေသနာတော်ကို ဟောကြားပေအံ့၊ ယင်းကြေးမုံတရားနှင့်ပြည့်စုံသောအရိယာတပည့်သည် ပြောကြားလိုမူ “ငါ့အား ငရဲပဋိသန္ဓေ ကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေ ကုန်ပြီ၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာအပါယ်ပဋိသန္ဓေ ကုန်ပြီ၊ ငါသည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲ လျောင်းရာရှိသော သောတာပန်ဖြစ်၏”ဟု မိမိကိုယ်တိုင်ပင်လျှင်မိမိအကြောင်းကို ပြောကြားနိုင်ရာ၏။

ယင်းကြေးမုံတရားကား အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏့။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ်ကြည် ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။ ဤသည်ပင် ကြေးမုံတရားတည်း။

အာနန္ဒာ ယင်းကြေးမုံတရားနှင့် ပြည့်စုံသောအရိယာတပည့်သည် ပြောကြားလိုမူ “ငါ့အား ငရဲပဋိသန္ဓေ ကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေ ကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေ ကုန်ပြီ၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ပဋိသန္ဓေ ကုန်ပြီ၊ ငါသည် ပျက်စီးကျရောက်ခြင်းသဘော မရှိသောကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏”ဟုမိမိကိုယ်တိုင်ပင်လျှင် မိမိအကြောင်းကို ပြောကြားနိုင်ရာ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဝေဠုဒွါရဝဂ် ပြီး၏။