သံယုတ္တနိကာယ်—၅၅

၂—ရာဇကာရာမဝဂ်

၁—သဟဿဘိက္ခုနိသံဃသုတ်

၁ဝဝ၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် မင်းကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တစ်ထောင်သော ဘိက္ခုနီသံဃာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ တည်နေကုန်၏၊ တစ်ခုသော နေရာ၌ တည်နေကုန်ပြီးသော ထိုရဟန်းမတို့အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းမတို့ လေးမျိုးသော တရားတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏။ အဘယ်လေးပါးတို့နည်း၊ ရဟန်းမတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ မကျိုးမပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။

ရဟန်းမတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်း သဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏”ဟုမိမိကိုယ်တိုင်ပင်လျှင် မိမိအကြောင်းကို ပြောကြားနိုင်ရာ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။