သံယုတ္တနိကာယ်—၅၅

၂—ရာဇကာရာမဝဂ်

၂—ဗြာဟ္မဏသုတ်

၁ဝဝ၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဗြာဟ္မဏတို့သည် ကြီးပွားခြင်းသို့ ရောက်ကြောင်းမည်သောအကျင့်ကို ပညတ်ကုန်၏၊ ထိုဗြာဟ္မဏတို့သည် တပည့်ကို ဤသို့ ဆောက်တည်စေကုန်၏— “အချင်းယောကျာ်း လာလော့၊ သင်သည် စောစောထ၍ အရှေ့သို့ ရှေးရှုသွားလော့၊ သင်သည် ချောက်ကို့မရှောင် လင့်၊ ကမ်းပါးပြတ်ကို မရှောင်လင့်၊ သစ်ငုတ်ကို မရှောင်လင့်၊ ဆူးရှိရာကို မရှောင်လင့်၊ တန်စီးအိုင်ကို မရှောင်လင့်၊ တန်စီးတွင်းကို မရှောင်လင့်၊ ကျရာအရပ်မှာပင် သေခြင်းကိုလိုလား (တောင့်တ) ရာ၏၊ အချင်းယောကျာ်း ဤ (အကျင့်) ဖြင့် သင်သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရောက်ရာ နတ်ပြည်၌ ဖြစ်လတ္တံ့”ဟု (ဆောက်တည်စေကုန်၏)။

ရဟန်းတို့ ဤအကျင့်သည် ဗြာဟ္မဏတို့၏ မိုက်မဲမှုမျှသာတည်း၊ တွေဝေမှုမျှသာတည်း၊ ငြီးငွေ့ခြင်းငှါမဖြစ်၊ စွဲမက်မှုကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထိုထွင်း၍ သိခြင်းငှါ မဖြစ်၊ ကိုယ်တိုင် သိခြင်းငှါ မဖြစ်၊ နိဗ္ဗာန်အလို့ငှါ မဖြစ်။ ရဟန်းတို့ ငါသည်ကား အရိယာ၏ ဝိနည်း၌ကြီးပွါးခြင်းသို့ ရောက်ကြောင်းအကျင့်ကို သိစေအံ့၊ ယင်းအကျင့်သည် စင်စစ် ငြီးငွေ့ခြင်းငှါ စွဲမက်မှုကင်းခြင်းငှါ ချုပ်ခြင်းငှါ ငြိမ်းအေးခြင်းငှါ ထိုးထွင်း၍ သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အလို့ငှါ ဖြစ်၏။

ရဟန်းတို့ စင်စစ် ငြီးငွေ့ခြင်းငှါ။ပ။ နိဗ္ဗာန်အလို့ငှါ ဖြစ်သော ထိုအရိယာ၏ ဝိနည်း၌ ကြီးပွါးခြင်းသို့ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်”ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည် ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။

သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)၊ မကျိုး မပေါက် မပြောက်မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သောအရိယာတို့ နှစ်သက်အပ်ကုန်သောသီလတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကား စင်စစ် ငြီးငွေ့ခြင်းငှါ။ပ။ နိဗ္ဗာန် အလို့ငှါ ဖြစ်သောကြီးပွားခြင်းသို့ ရောက်ကြောင်းအကျင့်ပင်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။