သံယုတ္တနိကာယ်—၅၅

၂—ရာဇကာရာမဝဂ်

၃—အာနန္ဒတ္ထေရသုတ်

၁ဝဝ၉။ အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်သာရိပုတြာတို့သည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည်ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင်အသျှင် အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို ပြော ဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်အသျှင်အာနန္ဒာအား ဤစကားကို ဆို၏— “ငါ့သျှင်အာနန္ဒာ အဘယ်တရားတို့ကို ပယ်ခြင်းကြောင့်အဘယ်တရားတို့နှင့် ပြည့်စုံခြင်းကြောင့် ဤသတ္တဝါ ကို မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏’ဟု ဟောကြားတော်မူအပ်ပါသနည်း”ဟု ဆို၏၊ ငါ့သျှင်တရားလေး ပါးတို့ကို ပယ်၍ တရားလေးပါးတို့နှင့် ပြည့်စုံခြင်းကြောင့်် ဤသတ္တဝါကို မြတ်စွာဘုရားသည် ‘ပျက်စီးကျ ရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသောသောတာပန် ဖြစ်၏’ဟု ဟောကြားတော်မူပါ၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် မြတ်စွာဘုရား၌ အကြင်သို့သဘောရှိသော မကြည်ညိုခြင်းနှင့်ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်း့သော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ငရဲ၌ ဖြစ်ရ၏၊ မြတ်စွာဘုရား၌ထိုသို့သဘောရှိသော မကြည်ညိုခြင်းသည် ထိုအရိယာတပည့်အား မဖြစ်။ ငါ့သျှင် မြတ်စွာဘုရား၌အကြင်သို့သဘောရှိသော မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံသောအကြားအမြင်ရှိသောအရိယာတပည့်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရောက်ရာနတ်ပြည်၌ ဖြစ်ရ၏၊ “ထိုမြတ်စွာဘုရား သည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူ တို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေး ပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူ သောအကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ ထိုသို့သဘောရှိသော မတုန် မလှုပ်ကြည်ညိုခြင်းသည် ထိုအရိယာတပည့်အား ဖြစ်၏။

ငါ့သျှင် တရား၌ အကြင်သို့သဘောရှိသော မကြည်ညိုခြင်းနှင့် ပြည့်စုံသောအကြားအမြင်မရှိသောပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ငရဲ၌ ဖြစ်ရ၏၊ တရား၌ ထိုသို့သဘောရှိသော မကြည်ညိုခြင်းသည် ထိုအရိယာတပည့်အား မဖြစ်။ ငါ့သျှင် တရား၌ အကြင်သို့သဘောရှိသော မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံသောအကြားအမြင်ရှိသောအရိယာတပည့်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရောက်ရာ နတ်ပြည်၌ ဖြစ်ရ၏၊ “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော် ဖြစ်၏။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သောတရားတော် ဖြစ်၏”ဟု တရားတော်၌ ထိုသို့သဘောရှိသော မတုန်မလှုပ် ကြည်ညိုခြင်းသည် ထိုအရိယာတပည့်အား ဖြစ်၏။

ငါ့သျှင် သံဃာ၌ အကြင်သို့သဘောရှိသော မကြည်ညိုခြင်းနှင့် ပြည့်စုံသောအကြားအမြင်မရှိသောပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ ငရဲ၌ ဖြစ်ရ၏၊ သံဃာ၌ ထိုသို့သဘောရှိသော မကြည်ညိုခြင်းသည် ထိုအရိယာတပည့်အား မဖြစ်။ ငါ့သျှင် သံဃာ၌ အကြင်သို့သဘောရှိသော မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံသောအကြားအမြင်ရှိသောအရိယာတပည့်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသော သူ တို့၏ လားရောက်ရာ နတ်ပြည်၌ ဖြစ်ရ၏၊ “မြတ်စွာဘုရား၏တပည့်သားသံဃာတော်သည် ကောင်းသောအကျင့်ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်ပါပေ၏”ဟု သံဃာ ၌ ထိုသို့သဘောရှိသော မတုန်မလှုပ်ကြည်ညိုခြင်းသည် ထိုအရိယာတပည့်အား ဖြစ်၏။

ငါ့သျှင် အကြင်သို့သဘောရှိသော သီလမရှိခြင်းနှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော သီလမရှိခြင်းသည် ထိုအရိယာတပည့်အား မဖြစ်။ ငါ့သျှင်အရိယာတို့ နှစ်သက်အပ်သောအကြင်သို့သဘောရှိသော သီလတို့နှင့် ပြည့်စုံသောအကြားအမြင်ရှိသောအရိယာတပည့်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရောက်ရာနတ်ပြည်၌ ဖြစ်ရ၏။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သောအရိယာတို့ နှစ်သက်အပ်ကုန်သော ထိုသို့သဘောရှိသော သီလတို့သည် ထိုအရိယာတပည့်အား ဖြစ်ကုန်၏။

ငါ့သျှင် ဤတရားလေးပါးတို့ကို ပယ်၍ ဤတရားလေးပါးတို့နှင့် ပြည့်စုံခြင်းကြောင့် ဤသတ္တဝါကိုမြတ်စွာဘုရားသည် “ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင့်လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏”ဟု ဟောကြားတော်မူပါ၏ဟု (မိန့်ဆို၏)။

တတိယသုတ်။