သံယုတ္တနိကာယ်—၅၅

၂—ရာဇကာရာမဝဂ်

၄—ဒုဂ္ဂတိဘယသုတ်

၁ဝ၁ဝ။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် မကောင်းသော သူတို့၏လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘေးဟူသမျှ အလုံးစုံကို ကောင်းစွာ လွန်မြောက်၏။ အဘယ်လေးပါးတို့နှင့်နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကိုခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သောအကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ ပ၊ သံဃာတော်၌။ပ။ (မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကိုဖြစ်စေတတ်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ ၏။

ရဟန်းတို့ ဤတရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် မကောင်းသော သူတို့၏လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘေးဟူသမျှ အလုံးစုံကို ကောင်းစွာ လွန်မြောက်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။