သံယုတ္တနိကာယ်—၅၅

၂—ရာဇကာရာမဝဂ်

၆—ပဌမ မိတ္တာမစ္စသုတ်

၁ဝ၁၂။ ရဟန်းတို့ အစဉ်သနား (စောင့်ရှောက်) ထိုက်ကုန်သော သူတို့ကိုလည်းကောင်း၊ မိမိစကားကိုလိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ, ခင်ပွန်း, ဆွေမျိုး, သားချင်းတို့ကိုလည်းကောင်း ့သောတာပန်၏ အင်္ဂါလေးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။ အဘယ်လေးပါးတို့၌နည်း၊

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်း၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ မကျိုး မပေါက် မပြောက်မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သောအရိယာတို့ နှစ်သက်အပ်ကုန်သောသီလ တို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

ရဟန်းတို့ အစဉ်သနား (စောင့်ရှောက်) ထိုက်ကုန်သော သူတို့ကိုလည်းကောင်း၊ မိမိစကားကို လိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ, ခင်ပွန်း, ဆွေမျိုး, သားချင်းတို့ကိုလည်းကောင်း သောတာပန်၏ အင်္ဂါလေးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏ဟု (မိန့်တော် မူ၏)။

ဆဋ္ဌသုတ်။