သံယုတ္တနိကာယ်—၅၅

၂—ရာဇကာရာမဝဂ်

၇—ဒုတိယ မိတ္တာမစ္စသုတ်

၁ဝ၁၃။ ရဟန်းတို့ အစဉ်သနား (စောင့်ရှောက်) ထိုက်ကုန်သော သူတို့ကိုလည်းကောင်း၊ မိမိစကားကိုလိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ, ခင်ပွန်း, ဆွေမျိုး, သားချင်းတို့ကိုလည်းကောင်း သောတာပန်၏ အင်္ဂါလေးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။ အဘယ်လေးပါးတို့၌နည်း၊

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်း၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။ ရဟန်းတို့ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော မဟာဘုတ်လေးပါးတို့၏ ဖောက်ပြန်ခြင်းသည် ဖြစ်ရာသေး၏၊ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံသောအရိယာတပည့်၏ဖောက်ပြန်ခြင်းသည် မဖြစ်ရာ။ ထိုအရာ၌ ဤကား ဖောက်ပြန်ပုံတည်း၊ မြတ်စွာဘုရား၌ မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံသော ထိုအရိယာတပည့်သည် စင်စစ်အားဖြင့် ငရဲ၌လည်းကောင်း၊ တိရစ္ဆာန်ဘဝ၌လည်းကောင်း၊ ပြိတ္တာဘဝ၌လည်းကောင်း ဖြစ်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိ။ တရားတော်၌။ပ။ သံဃာတော်၌။ပ။

မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သောအရိယာတို့နှစ်သက်အပ်ကုန်သော သီလတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။ ရဟန်းတို့ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော မဟာဘုတ်လေးပါးတို့၏ ဖောက်ပြန်ခြင်းသည် ဖြစ်ရာသေး၏၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံသောအရိယာတို့၏ ဖောက်ပြန်ခြင်းသည် မဖြစ်ရာ။ ထိုအရာ၌ ဤကား ဖောက်ပြန်ပုံတည်း၊ အရိယာတို့နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံသော ထိုအရိယာတပည့်သည် စင်စစ်အားဖြင့် ငရဲ၌လည်း့ကောင်း၊ တိရစ္ဆာန်ဘဝ၌လည်းကောင်း၊ ပြိတ္တာဘဝ၌လည်းကောင်း ဖြစ်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိ။

ရဟန်းတို့ အစဉ်သနား (စောင့်ရှောက်) ထိုက်ကုန်သော သူတို့ကိုလည်းကောင်း၊ မိမိစကားကို လိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ, ခင်ပွန်း, ဆွေမျိုး, သားချင်းတို့ကိုလည်းကောင်း သောတာပန် ၏ အင်္ဂါလေးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏ဟု (မိန့်တော် မူ၏)။

သတ္တမသုတ်။