သံယုတ္တနိကာယ်—၅၅

၂—ရာဇကာရာမဝဂ်

၈—ပဌမ ဒေဝစာရိကသုတ်

၁ဝ၁၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် အားရှိသော ယောကျာ်းသည်ကွေးသော လက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ တာဝတိံသာနတ်ပြည်၌ ထင်ရှားဖြစ်လေ၏၊ ထိုအခါ များစွာကုန်သော တာဝတိံသာနတ်တို့သည် အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ကုန်၍ အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ရပ်တည်နေကုန်၏၊ တစ်ခုသော နေရာ၌ ရပ်တည်နေကုန်သော ထိုနတ်တို့အား အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်တော်မူ၏—

နတ်သားတို့ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်းသည်သာတည်း။ နတ်သားတို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် မြတ်စွာဘုရား၌ ဤသို့ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံခြင်း ဟူသောအကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့၏ လား ရောက်ရာ နတ်ပြည်၌ ဖြစ်ရကုန်၏။

နတ်သားတို့ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ နတ်သားတို့ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်းသည်သာတည်း။ နတ်သားတို့ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းဟူသောအကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏လား ရောက်ရာ နတ်ပြည်၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်မောဂ္ဂလာန် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟုမြတ် စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်းသည်သာတည်း။ အသျှင်မောဂ္ဂလာန် ဤလောက၌ အချို့သော သတ္တဝါတို့သည် မြတ်စွာဘုရား၌ ဤသို့ မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ ခြင်းဟူသောအကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသော သူတို့၏ လား ရောက်ရာ နတ်ပြည်၌ ဖြစ်ရကုန်၏။

အသျှင်မောဂ္ဂလာန် တရားတော်၌။ပ။ သံဃာတော်၌။ပ။ အသျှင်မောဂ္ဂလာန် မကျိုးမပေါက် မပြောက့်မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သောသီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်းသည်သာတည်း။ အသျှင်မောဂ္ဂလာန် ဤလောက၌ အချို့သောသတ္တဝါတို့သည် ဤသို့ အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံခြင်းဟူသောအကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရောက်ရာနတ်ပြည်၌ ဖြစ်ရကုန် ၏ဟု (လျှောက်ကုန်၏)။

အဋ္ဌမသုတ်။