သံယုတ္တနိကာယ်—၅၅

၁—ဝေဠုဒွါရဝဂ်

၂—ဗြဟ္မစရိယောဂဓသုတ်

၉၉၈။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏။

အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရား သည့်ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိ ဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’မည်တော် မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောက ကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုးကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ ကိုဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်း သဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤဂါထာကိုမိန့်တော်မူပြန် ၏— “ယုံကြည်မှု ‘သဒ္ဓါ’၊ ကျင့်သုံးမှု ‘သီလ’၊ ကြည်ညိုမှု ‘ပသာဒ’နှင့် တရားတော်ကိုသိမြင်မှု ‘ဓမ္မဒဿနာ’ရှိကြသော ပုဂ္ဂိုလ်တို့သည် အကျင့်မြတ်၏ အတွင်းသို့ ဝင်၍ တည်သော (အထက်မဂ်နှင့် ယှဉ်သော) ချမ်းသာသို့ သင့်လျော်သောအခါ၌ စင်စစ် အားဖြင့် ရောက်နိုင်ကုန်၏”ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။