သံယုတ္တနိကာယ်—၅၅

၂—ရာဇကာရာမဝဂ်

၁ဝ—တတိယ ဒေဝစာရိကသုတ်

၁ဝ၁၆။ ထိုအခါ မြတ်စွာဘုရားသည် အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်း ထို့အတူပင် ဇေတဝန်ကျောင်းတော်မှကွယ်ခဲ့၍ တာဝတိံသာနတ်ပြည်၌ ထင်ရှားဖြစ်တော်မူလေ၏။ ထိုအခါ များစွာကုန်သော တာဝတိံသာနတ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ရပ်တည်နေကုန်၏၊ တစ်ခုသော နေရာ၌ ရပ်တည်နေကြပြီးသော ထိုနတ်တို့အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— နတ်သားတို့ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်းသည်သာတည်း။ နတ်သားတို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့ မြတ်စွာဘုရားကို မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းဟူသောအကြောင်းကြောင့် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံး ပါးလျှင် လဲလျောင်းရာရှိသော သောတာပန်တို့ ဖြစ်ကုန်၏။

နတ်သားတို့ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ နတ်သားတို့ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းသည် ကောင်းသည်သာတည်း။ နတ်သားတို့ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းဟူသောအကြောင်းကြောင့် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံး ပါးလျှင် လဲလျောင်းရာရှိသော သောတာပန်တို့ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းသည် ကောင်းသည်သာတည်း။ အသျှင်ဘုရား ဤသတ္တဝါအပေါင်းသည် ဤသို့ မြတ်စွာဘုရား၌ မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်းဟူသောအကြောင်း ကြောင့် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာ ရှိသော သောတာပန်ဖြစ်ပါ၏။

အသျှင်ဘုရား တရားတော်၌။ပ။ သံဃာတော်၌။ပ။ အသျှင်ဘုရား မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သောအရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့်ပြည့်စုံခြင်းသည် ကောင်းသည်သာတည်း။ အသျှင်ဘုရား ဤသတ္တဝါအပေါင်းသည် ဤသို့ အရိယာတို့ နှစ့်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံခြင်းဟူသောအကြောင်းကြောင့် ပျက်စီးကျရောက်ခြင်းသဘောမရှိ သော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်ပါ၏ဟု (လျှောက် ထားကုန်၏)။

ဒသမသုတ်။

နှစ်ခုမြောက် ရာဇကာရာမဝဂ် ပြီး၏။