သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၁—ပဌမ မဟာနာမသုတ်

၁ဝ၁၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်းကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မဟာနာမ်သာကီဝင်မင်းသည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား ဤကပိလဝတ်ပြည်သည် ပြည့်စုံကြွယ်ဝပါ၏၊ စည်ပင် ဝပြောပါ၏၊ များသောလူဦးရေရှိပါ၏၊ လူမျိုးစုံတို့ဖြင့် ပြွမ်းပါ၏၊ လမ်းတိုလမ်းကျဉ်းလည်း ရှိပါ၏။ အသျှင် ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်ကို တိုးပွားစေနိုင်ကုန်သောရဟန်းတို့ကို လည်းကောင်း ဆည်းကပ်ခစားပြီး၍ ညနေချမ်းအချိန်၌ ကပိလဝတ်ပြည်သို့ ဝင်သည်ရှိသော်လှည့်လည် ပြေးသွားသော ဆင်နှင့်လည်း တွေ့ဆုံပါ၏၊ လှည့်လည်ပြေးသွားသော မြင်းနှင့်လည်းတွေ့ဆုံပါ၏၊ လှည့် လည်ပြေးသွားသော ရထားနှင့်လည်း တွေ့ဆုံပါ၏၊ လှည့်လည်ပြေးသွားသောလှည်းနှင့်လည်း တွေ့ဆုံ ပါ၏၊ လှည့်လည်ပြေးသွားသော ယောကျာ်းနှင့်လည်း တွေ့ဆုံပါ၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်အား မြတ်စွာဘုရားကို အာရုံပြု၍ ဖြစ်သော သတိသည်လွတ်သည်သာတည်း၊ တရားကို အာရုံပြု၍ ဖြစ်သော သတိသည် လွတ်သည်သာတည်း၊ သံဃာကိုအာရုံပြု၍ ဖြစ်သော သတိသည် လွတ်သည်သာတည်း၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ‘ငါသည်ဤအချိန်၌ သေမူ ငါ၏ လားရောက်ရာ ‘ဂတိ’ ကား အဘယ်နည်း၊ ငါ၏ တမလွန်ဘဝကားအဘယ်နည်း’ဟု ဤသို့ အကြံ ဖြစ်ပါ၏”ဟု (လျှောက်ထား၏)။

မဟာနာမ် မကြောက်လင့်၊ မဟာနာမ် မကြောက်လင့်၊ သင့်အား မယုတ်ညံ့သော သေခြင်းဖြစ်လတ္တံ့၊ သင့်အား မယုတ်ညံ့သော ကွယ်လွန်ခြင်းဖြစ်လတ္တံ့။ မဟာနာမ် ရှည်မြင့်စွာသော ကာလပတ်လုံး သဒ္ဓါဖြင့်ထုံအပ်သောစိတ်, သီလဖြင့် ထုံအပ်သောစိတ်, အကြားအမြင်ဖြင့် ထုံအပ်သောစိတ်, စွန့်ကြဲခြင်းဖြင့်ထုံအပ်သောစိတ်, ပညာဖြင့် ထုံအပ်သောစိတ်ရှိသူ တစ်စုံတစ်ယောက်၏ ကိုယ်သည် ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဖတို့မှ ပေါက်ဖွား၏၊ ထမင်းမုန့်တို့ဖြင့် ကြီးပွားရ၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း ဆုပ်နယ်ပေးရခြင်း ပြိုကွဲပျက်စီးခြင်းသဘောရှိ၏။ ဤအရပ်၌ပင် ထိုကိုယ်ကို ကျီးတို့လည်းထိုးဆိတ်ကုန်၏၊ လင်းတတို့လည်း ထိုးဆိတ်ကုန်၏၊ သိန်းစွန်တို့လည်း ထိုးဆိတ်ကုန်၏၊ အိမ်ခွေးတို့လည်း ခဲစားကုန်၏၊ တောခွေးတို့လည်း ခဲစားကုန်၏၊ အမျိုးမျိုးသော ပိုးသတ္တဝါတို့လည်း ခဲစားကုန်၏။ ထိုသူ၏ ရှည်မြင့်စွာသော ကာလပတ်လုံး သဒ္ဓါဖြင့် ထုံအပ်သော။ပ။ ပညာဖြင့် ထုံအပ်သော စိတ်သည်အထက်သို့သာ တက်လေ့ရှိ၏၊ ထူးခြားစွာ သွားလေ့ရှိ၏။

မဟာနာမ် ဥပမာသော်ကား ယောကျာ်းသည် ထောပတ်အိုးကိုသော်လည်းကောင်း၊ ဆီအိုးကိုသော်လည်းကောင်း နက်သော ရေအိုင်၌ ဆင်း၍ ခွဲငြားအံ့။ ထိုရေအိုင်၌ ထိုအိုး၏ အိုးခြမ်းကွဲ ကြီးငယ်သည်အောက်သို့ ကျဆင်း၍ ထောပတ်သည်လည်းကောင်း၊ ဆီသည်လည်းကောင်း အထက်သို့သာ တက်ရာ၏၊ ထူးခြားစွာ သွားရာ၏။

မဟာနာမ် ဤအတူပင် ရှည်မြင့်စွာသော ကာလပတ်လုံး သဒ္ဓါဖြင့် ထုံအပ်သောစိတ်။ပ။ ပညာဖြင့်ထုံအပ်သောစိတ်ရှိသူ တစ်စုံတစ်ယောက်၏ ကိုယ်သည် ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဖတို့မှ ပေါက်ဖွား၏၊ ထမင်းမုံ့တို့ဖြင့် ကြီးပွားရ၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း ဆုပ်နယ်ပေးရခြင်းပြိုကွဲပျက်စီးခြင်းသဘောရှိ၏။ ဤအရပ်၌ပင် ထိုကိုယ်ကို ကျီးတို့လည်း ထိုးဆိတ်ကုန်၏၊ လင်းတတို့လည်း ထိုးဆိတ်ကုန်၏၊ သိန်းစွန်တို့လည်း ထိုးဆိတ်ကုန်၏၊ အိမ်ခွေးတို့လည်း ခဲစားကုန်၏၊ တောခွေးတို့လည်း ခဲစားကုန်၏၊ အမျိုးမျိုးသော ပိုးသတ္တဝါတို့လည်း ခဲစားကုန်၏။ ထိုသူ၏ ရှည်မြင့်စွာသောကာလပတ်လုံး သဒ္ဓါဖြင့် ထုံအပ်သော။ပ။ ပညာဖြင့် ထုံအပ်သော စိတ်သည် အထက်သို့သာ တက်လေ့ရှိ၏၊ ထူးခြားစွာ သွားလေ့ရှိ၏။

မဟာနာမ် သင်သည် ရှည်မြင့်စွာသော ကာလပတ်လုံး သဒ္ဓါဖြင့် ထုံအပ်သော စိတ်။ပ။ ပညာဖြင့်ထုံအပ်သော စိတ်ရှိ၏။ မဟာနာမ် မကြောက်လင့်၊ မဟာနာမ် မကြောက်လင့်၊ သင့်အား မယုတ်ညံ့သောသေခြင်းဖြစ်လတ္တံ့၊ သင့်အား မယုတ်ညံ့သော ကွယ်လွန်ခြင်းဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။