သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၂—ဒုတိယ မဟာနာမသုတ်

၁ဝ၁၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်းကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မဟာနာမ်သာကီဝင်မင်းသည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား ဤကပိလဝတ်ပြည်သည် ပြည့်စုံကြွယ်ဝပါ၏၊ စည်ပင် ဝပြောပါ၏၊ များသော လူဦးရေရှိပါ၏၊ လူမျိုးစုံတို့ဖြင့် ပြွမ်းပါ၏၊ လမ်းတိုလမ်းကျဉ်းလည်းရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်ကို တိုးပွားစေနိုင်ကုန်သောရဟန်း တို့ကိုလည်းကောင်း ဆည်းကပ်ခစားပြီး၍ ညနေချမ်းအချိန်၌ ကပိလဝတ်ပြည်သို့ ဝင်သည်ရှိသော်လှည့် လည်ပြေးသွားသော ဆင်နှင့်လည်း တွေ့ဆုံပါ၏၊ လှည့်လည်ပြေးသွားသော မြင်းနှင့်လည်းတွေ့ဆုံပါ၏၊ လှည့်လည်ပြေးသွားသော ရထားနှင့်လည်း တွေ့ဆုံပါ၏၊ လှည့်လည်ပြေးသွားသောလှည်းနှင့်လည်း တွေ့ ဆုံပါ၏၊ လှည့်လည်ပြေးသွားသော ယောကျာ်းနှင့်လည်း တွေ့ဆုံပါ၏။ အသျှင်ဘုရား ထိုအခါ အကျွန်ုပ် အား မြတ်စွာဘုရားကို အာရုံပြု၍ ဖြစ်သော သတိသည်လွတ်သည်သာတည်း၊ တရားကို အာရုံပြု၍ ဖြစ် သော သတိသည် လွတ်သည်သာတည်း၊ သံဃာကိုအာရုံပြု၍ ဖြစ်သော သတိသည် လွတ်သည်သာတည်း၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ‘ငါသည်ဤအချိန်၌ သေမူ ငါ၏ လားရောက်ရာ ‘ဂတိ’ ကား အဘယ်နည်း၊ ငါ၏ တမလွန်ဘဝကားအဘယ်နည်း’ဟု ဤသို့ အကြံ ဖြစ်ပါ၏”ဟု (လျှောက်ထား၏)။

မဟာနာမ် မကြောက်လင့်၊ မဟာနာမ် မကြောက်လင့်၊ သင့်အား မယုတ်ညံ့သော သေခြင်း ဖြစ်လတ္တံ့၊ သင့်အား မယုတ်ညံ့သော ကွယ်လွန်ခြင်း ဖြစ်လတ္တံ့။ မဟာနာမ် တရားလေးမျိုးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ အဘယ်လေးပါးတို့နှင့်နည်း၊ မဟာနာမ် ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။

တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ် သက်အပ်ကုန်သော သီလတို့နှင့်ပြည့်စုံ၏။

မဟာနာမ် ဥပမာသော်ကား အရှေ့သို့ ညွတ်ကိုင်းရှိုင်းသော သစ်ပင်သည် အမြစ်ကို ဖြတ်သည်ရှိသော် အဘယ်အရပ်၌ လဲကျရာသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ညွတ်ကိုင်းရှိုင်းရာအရပ်၌လဲကျရာပါ၏ဟု (လျှောက်၏)။ မဟာနာမ် ဤအတူပင် ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။