သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၃—ဂေါဓသက္ကသုတ်

၁ဝ၁၉။ ကပိလဝတ်နိဒါန်း။ ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် ဂေါဓသာကီဝင်ထံသို့ ချဉ်းကပ်ပြီးလျှင် ဂေါဓသာကီဝင်အား— “ဂေါဓ အဘယ်တရားတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟုသင် သိပါသနည်း”ဟု ဤစကားကို ပြောကြား၏။

မဟာနာမ် တရားသုံးပါးတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု ငါ သိပါ၏။ အဘယ်သုံးပါးတို့နှင့်နည်း။

မဟာနာမ် ဤသာသနာတော်၌ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော် မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏။ တရားတော်၌။ပ။ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသောအကျင့်ရှိ၏။ပ။

သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ် ဆုံး လယ်မြေ ဖြစ်၏ဟု သံဃာတော်၌ မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

မဟာနာမ် ဤတရားသုံးပါးတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု ငါ သိ၏။

မဟာနာမ် အဘယ်တရားတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု သင် သိပါသနည်းဟု (ဆို၏)။

ဂေါဓ တရားလေးပါးတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု ငါ သိပါ၏။ အဘယ်လေး ပါးတို့နှင့်နည်း။

ဂေါဓ ဤသာသနာတော်၌ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။

(မတုန် မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။

တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့်ပြည့်စုံ၏။

ဂေါဓ ဤတရားလေးပါးတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု ငါသိပါ၏ဟု ပြောကြား၏။

မဟာနာမ် သင် ဆိုင်းငံ့ပါဦး၊ မဟာနာမ် သင် ဆိုင်းငံ့ပါဦး၊ မြတ်စွာဘုရားသာ ဤတရားတို့နှင့်ပြည့်စုံသူကိုလည်းကောင်း၊ မပြည့်စုံသူကိုလည်းကောင်း ဤအရာကို သိတော်မူရာ၏။ ဂေါဓ လာ သွားကုန်အံ့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြားကုန်အံ့ဟု (ပြောဆိုလေ၏)။ ထို့နောက် မဟာနာမ်သာကီဝင်မင်းနှင့် ဂေါဓသာကီဝင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ မဟာနာမ်သာကီဝင်မင်းသည်တစ်ခု သော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— အသျှင်ဘုရား အကျွန်ုပ်သည် ဂေါဓသာကီဝင်ထံသို့ ချဉ်းကပ်၍ ဂေါဓသာကီဝင်အား ဤစကားကိုဆိုပါ၏— “ဂေါဓ အဘယ်တရားတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု သင်သိပါသနည်း။ အသျှင် ဘုရား ဤသို့ ဆိုသည်ရှိသော် ဂေါဓသာကီဝင်သည် အကျွန်ုပ်အား ဤစကားကို ဆိုပါ၏— မဟာနာမ်တရားသုံးပါးတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု ငါ သိ၏။ အဘယ်သုံးပါးတို့နှင့်နည်း။

မဟာနာမ် ဤသာသနာတော်၌ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု အရိယာတပည့်သည် မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ပ။ တရားတော်၌။ပ။ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသောအကျင့်ရှိ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

မဟာနာမ် ဤတရားသုံးပါးတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသောကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု ငါ သိ၏။

မဟာနာမ် အဘယ်တရားတို့နှင့် ပြည့်စုံသော သူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု သင် သိပါသနည်းဟု (ဤစကားကို ပြောဆိုပါ၏)။

အသျှင်ဘုရား ဤသို့ ဆိုသော် အကျွန်ုပ်သည် ဂေါဓသာကီဝင်အား— “ဂေါဓ တရားလေးပါးတို့နှင့်ပြည့်စုံသူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု ငါ သိ၏။ အဘယ်လေးပါးတို့နှင့်နည်း။

ဂေါဓ ဤသာသနာတော်၌ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု အရိယာတပည့်သည် မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။

သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့်ပြည့်စုံ၏။

ဂေါဓ ဤတရားလေးပါးတို့နှင် ပြည့်စုံသူကို ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲ သောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်ဟု ငါ သိ၏”ဟု ဤစကားကို ဆို ပါ၏။

အသျှင်ဘုရား ဤသို့ ပြောဆိုသည်ရှိသော် ဂေါဓသာကီဝင်သည် တပည့်တော်အား—“မဟာနာမ် သင်ဆိုင်းငံ့ပါဦး၊ မဟာနာမ် သင် ဆိုင်းငံ့ပါဦး။ မြတ်စွာဘုရားသာ ဤတရားတို့နှင့် ပြည့်စုံသူကိုလည်းကောင်း၊ မပြည့်စုံသူကိုလည်းကောင်း ဤအရာကို သိတော်မူရာ၏”ဟု ဤစကားကို ပြောဆိုပါ၏။

အသျှင်ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခု ဖြစ်ပေါ်၍ မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုသံဃာ ကတစ်ဖက် ဖြစ်ခဲ့မူ အကျွန်ုပ်သည် မြတ်စွာဘုရားဖက်၌သာ ဖြစ်ပါအံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်ကို ‘ဤသို့ ကြည်ညိုသူ’ဟု မှတ်တော်မူပါ။ အသျှင်ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခုဖြစ်ပေါ်၍ မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုသံဃာနှင့် ဘိက္ခုနီသံဃာက တစ်ဖက် ဖြစ်ခဲ့မူ အကျွန်ုပ်သည်မြတ်စွာဘုရားဖက်၌သာ ဖြစ်ပါအံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ‘ဤသို့ ကြည်ညိုသူ’ဟုမှတ်တော်မူပါ။ အသျှင်ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခု ဖြစ်ပေါ်၍ မြတ်စွာဘုရားက တစ်ဖက်ဘိက္ခုသံဃာ ဘိက္ခုနီသံဃာနှင့် ဥပါသကာတို့က တစ်ဖက် ဖြစ်ခဲ့မူ အကျွန်ုပ်သည်မြတ်စွာဘုရားဖက်၌သာ ဖြစ်ပါအံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ‘ဤသို့ကြည်ညိုသူ’ဟု မှတ်တော်မူပါ။ အသျှင် ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခု ဖြစ်ပေါ်၍မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုသံဃာ ဘိက္ခုနီ သံဃာ ဥပါသကာနှင့် ဥပါသိကာမတို့က တစ်ဖက်ဖြစ်ခဲ့မူ အကျွန်ုပ်သည် မြတ်စွာဘုရားဖက်၌သာ ဖြစ်ပါ အံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်ကို ‘ဤသို့ ကြည် ညိုသူ’ဟု မှတ်တော်မူပါ။ အသျှင် ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခုဖြစ်ပေါ်၍ မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုသံဃာ ဘိက္ခုနီ သံဃာ ဥပါသကာ ဥပါသိကာမတို့နှင့် နတ်မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောကက တစ်ဖက် ဖြစ်ကြလျှင် တပည့်တော်သည် မြတ် စွာဘုရားဖက်၌သာ ဖြစ်ပါအံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ‘ဤသို့ ကြည်ညိုသူ’ဟု မှတ်တော်မူပါဟု လျှောက်၏။

ဂေါဓ ဤသို့ အယူဝါဒရှိသော သင်သည် မဟာနာမ်သာကီဝင်မင်းကို အဘယ်သို့ ပြောလိုသနည်း။ အသျှင်ဘုရား ဤသို့ အယူဝါဒရှိသော တပည့်တော်သည် မဟာနာမ်သာကီဝင်မင်းကို ကောင်းမြတ်လိမ္မာသည်မှ တစ်ပါး တစ်စုံတစ်ရာကိုမျှ မဆိုလိုပါဟု (လျှောက်၏)။

တတိယသုတ်။