သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၄—ပဌမ သရဏာနိသက္ကသုတ်

၁ဝ၂ဝ။ ကပိလဝတ်နိဒါန်း။ ထိုအခါ သရဏာနိသာကီဝင်သည် ကွယ်လွန်ခဲ့၏၊ ကွယ်လွန်ခဲ့သောထိုသရဏာနိသာကီဝင်ကို မြတ်စွာဘုရားသည် “ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ များစွာကုန်သော သာကီဝင်တို့သည် ပေါင်းဆုံစုဝေး၍ “အချင်းတို့ အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲဖြစ်စွတကား၊ အကျင့်၌ အားနည်း၍ သေရည်သေရက်ကို သောက်လေ့ရှိသော ကွယ်လွန်ပြီးသော ထိုသရဏာနိသာကီဝင်ကိုပင် မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟု မိန့်ကြားတော်မူဘိသေး၏၊ ယခု အဘယ်သူသည်သောတာပန် မဖြစ်ဘဲရှိအံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ပြောဆိုကြကုန်၏။

ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရားကွယ် လွန်ခဲ့ပြီးသော ထိုသရဏာနိသာကီဝင်ကို မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော့မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟုမိန့်ကြားတော်မူ၏၊ အသျှင်ဘုရား ထိုအခါ များစွာကုန်သော သာကီဝင်တို့သည် ပေါင်းဆုံစုဝေး၍”အချင်းတို့ အံ့ဖွယ်ဖြစ်စွ တကား၊ အချင်းတို့ မဖြစ်ဖူးမြဲဖြစ်စွတကား၊ အကျင့်၌ အားနည်း၍သေရည်သေရက်ကို သောက်လေ့ရှိ သော ကွယ်လွန်ပြီးသော ထိုသရဏာနိသာကီဝင်ကိုပင်မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်’ဟု မိန့်ကြားတော်မူ ဘိသေး၏၊ ယခု အဘယ်သူသည် သောတာပန်မဖြစ်ဘဲ ရှိအံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ပြောဆိုကြ ကုန်၏ဟု လျှောက်၏။

မဟာနာမ် အကြင်ဥပါသကာသည် ရှည်မြင့်စွာသော ကာလပတ်လုံး ဘုရားကို ကိုးကွယ်ဆည်းကပ် ၏၊ တရားကို ကိုးကွယ်ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ ထိုသူသည် အဘယ်မှာ ပျက်စီးကျရောက်ခြင်းသို့ ရောက်ရာအံ့နည်း။ မဟာနာမ် ကောင်းစွာ ပြောဆိုလိုသူသည် “ရှည်မြင့်စွာသောကာလ ပတ်လုံး ဥပါသကာသည် ဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ တရားကို ကိုးကွယ်ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏”ဟု ပြောဆိုငြားအံ့၊ သရဏာနိသာကီဝင်ကိုသာ ပြောဆိုရာ၏။ မဟာနာမ်သရဏာနိ သာကီဝင်သည် ရှည်မြင့်စွာသော ကာလပတ်လုံး ဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ တရားကိုကိုးကွယ် ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ ထိုသရဏာနိသာကီဝင်သည် အဘယ်မှာပျက်စီးကျရောက် ခြင်းသို့ ရောက်နိုင်ပါအံ့နည်း။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော် မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)၊ ရွှင်သောပညာရှိ၏၊ လျင်မြန်သော ပညာရှိ၏၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့်လည်း ပြည့်စုံ၏၊ ထိုသူသည် အာသဝကုန်ခြင်းကြောင့် အာသဝကင်း၍ (ကိလေ သာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာဖြစ်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်းငရဲမှ လွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝမှ လွတ်၏။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော် မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)၊ ရွှင်သောပညာရှိ၏၊ လျင်မြန်သော ပညာရှိ၏၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့်ကား မပြည့်စုံ၊ ထိုသူသည်အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေ နေ၍ ထိုဘုံမှပြန်လာခြင်းသဘော မရှိသော ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ဖြစ်၏။ မဟာနာမ်ဤပုဂ္ဂိုလ်သည်လည်း ငရဲမှ လွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝမှ လွတ်၏။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော် မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)၊ ရွှင်သောပညာမရှိ၊ လျင်မြန်သောပညာ မရှိ၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့်လည်း မပြည့်စုံ၊ ထိုသူသည်သံယောဇဉ်သုံးပါးတို့ ကုန်သည့်ပြင် စွဲမက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’ တို့ခေါင်းပါးခြင်းကြောင့် ဤကာမဘုံသို့ တစ်ကြိမ်သာ ပြန် လာ၍ ဆင်းရဲ၏ အဆုံးကို ပြုမည့်သကဒါဂါမ်ဖြစ်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်း ငရဲမှ လွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျ ရောက်ရာ ဒုဂ္ဂတိဘဝမှလွတ်၏။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော် မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)၊ ရွှင်သောပညာမရှိ၊ လျင်မြန်သောပညာ မရှိ၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’နှင့်လည်း မပြည့်စုံ၊ ထိုသူသည်သံယောဇဉ်သုံးပါးတို့ ကုန်ခြင်းကြောင့် ပျက်စီးကျ ရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်း ငရဲမှလွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝမှ လွတ်၏။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည်ကား မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် မပြည့်စုံ၊ တရားတော်၌။ပ။ သံဃာတော်၌်။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် မပြည့်စုံ)၊ ရွှင်သောပညာ မရှိ၊ လျင်မြန်သောပညာ မရှိ၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့်လည်း မပြည့်စုံ။ သို့ရာတွင် ထိုသူ့အားသဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဤတရားတို့သည် ဖြစ်ကုန်၏။ ထိုသူသည်မြတ်စွာဘုရား သိစေတော်မူသော တရားတို့ကိုလည်း ပညာဖြင့် နှိုင်းဆရှုကြည့်နိုင်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်း ငရဲသို့ မရောက်၊ တိရ စ္ဆာန်ဘဝသို့ မရောက်၊ ပြိတ္တာဘဝသို့ မရောက်၊ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝသို့ မရောက်။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည်ကား မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် မပြည့်စုံ၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် မပြည့်စုံ)၊ ရွှင်သောပညာ မရှိ၊ လျင်မြန်သောပညာ မရှိ၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’နှင့်လည်း မပြည့်စုံ။ သို့ရာတွင် ထိုသူ့အားသဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေဟူသော ဤတရားတို့သည် ဖြစ်ကုန်၏။ ထိုသူအား မြတ်စွာဘုရား၌ ယုံကြည်ခြင်းမျှချစ်ခြင်းမျှသည်သာ ဖြစ်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်း ငရဲသို့ မရောက်၊ တိရ စ္ဆာန်ဘဝသို့ မရောက်၊ ပြိတ္တာဘဝသို့ မရောက်၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝသို့ မရောက်။

မဟာနာမ် အကယ်၍ ဤအနှစ်ရှိသော သစ်ပင်ကြီးတို့သည် ကောင်းသော စကား မကောင်းသော စကားကို သိနိုင်ကုန်ငြားအံ့၊ ငါသည် ဤအနှစ်ရှိသော သစ်ပင်ကြီးတို့ကို ‘ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်တို့’ဟု ပြောကြားရာ၏၊ သရဏာနိသာကီဝင်ကိုကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ မဟာနာမ် သရဏာနိသာကီဝင်သည်သေခါနီး၌ အကျင့် ‘သိက္ခာ’ကို ဆောက်တည်ပြီးသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။