သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၅—ဒုတိယ သရဏာနိသက္ကသုတ်

၁ဝ၂၁။ ကပိလဝတ်နိဒါန်း။ ထိုအခါ သရဏာနိသာကီဝင်သည် ကွယ်လွန်၏၊ ကွယ်လွန်ပြီးသော ထိုသရဏာနိသာကီဝင်ကို မြတ်စွာဘုရားသည် “ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ များစွာကုန်သော သာကီဝင်တို့သည် ပေါင်းဆုံစုဝေး၍ “အချင်းတို့ အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အကျင့်သိက္ခာ၌ အပြည့်အစုံ ပြုကျင့်လေ့ မရှိသော ကွယ်လွန်ပြီးသော သရဏာနိသာကီဝင်ကိုပင်မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟု မိန့်ကြားတော်မူဘိသေး၏၊ ယခုအခါ အဘယ်သူသည် သောတာပန်မဖြစ်ဘဲ ရှိအံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ပြောဆိုကြကုန်၏။

ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရားကွယ် လွန်ခဲ့ပြီးသော သရဏာနိသာကီဝင်ကို မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘော မရှိသောကိန်း သေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟု မိန့်ကြားတော်မူ၏၊ အသျှင် ဘုရား ထိုအခါ များစွာကုန်သော သာကီဝင်တို့သည် ပေါင်းဆုံစုဝေး၍ “အချင်းတို့အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲဖြစ်စွတကား၊ အကျင့်သိက္ခာ၌ အပြည့်အစုံ ပြုကျင့်လေ့မရှိသောကွယ်လွန်ပြီးသော ထိုသရဏာနိသာကီဝင်ကိုပင် မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲ သောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟုမိန့်ကြားတော်မူဘိသေး၏၊ ယခုအခါ၌ အဘယ်သူသည် သောတာပန်မဖြစ်ဘဲ ရှိအံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချပြစ်တင်ပြောဆိုကြပါကုန်၏ဟု (လျှောက် ၏)။

မဟာနာမ် အကြင်ဥပါသကာသည် ရှည်မြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ တရားကို ကိုးကွယ်ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ ထိုသူသည် အဘယ်မှာပျက်စီးကျရောက်ခြင်းသို့ ရောက်ရာအံ့နည်း။ မဟာနာမ် ကောင်းစွာ ပြောဆိုလိုသူသည် “ရှည်မြင့်စွာသောကာလပတ်လုံး ဥပါသကာသည် ဘုရားကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ တရားကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏”ဟု ပြောဆိုလိုငြားအံ့၊ သရဏာနိသာကီဝင်ကိုသာပြောဆိုရာ၏။ မဟာနာမ် သရဏာနိသာကီဝင်သည် “ရှည်မြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကိုကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ တရားကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ သံဃာကိုကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ ထိုသရဏာနိသာကီဝင်သည် အဘယ်မှာ ပျက်စီးကျရောက်ခြင်းသို့ရောက်ရာအံ့နည်”။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော် မူ၏”ဟု မြတ်စွာဘုရား၌ စင်စစ်အားဖြင့် ဖြစ်သောအလွန်ကြည်ညိုခြင်း ဖြစ်၏၊ တရားတော်၌။ပ။ သံဃာ တော်၌။ပ။ အလွန်ကြည်ညိုခြင်း ဖြစ်၏၊ ရွှင်သောပညာရှိ၏၊ လျင်မြန်သော ပညာရှိ၏၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’နှင့်လည်း ပြည့်စုံ၏၊ ထိုသူသည်အာသဝကုန်ခြင်းကြောင့် အာသဝကင်း၍ (ကိလေသာ မှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာဖြစ်၏။ မဟာနာမ် ဤ ပုဂ္ဂိုလ်သည်လည်း ငရဲမှလွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ အပါယ်မှ လွတ်၏။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည်ကား “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ စင်စစ်အားဖြင့် ဖြစ်သောအလွန်ကြည်ညိုခြင်း ဖြစ်၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ အလွန်ကြည်ညိုခြင်း ဖြစ်၏်၊ ရွှင်သော ပညာရှိ၏၊ လျင်မြန်သောပညာရှိ၏၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’နှင့်ကား မပြည့်စုံ၊ ထိုသူသည်အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန် ခြင်းကြောင့် အသက်တမ်း၏ အလယ်၌ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာ ပရိနိဗ္ဗာယီအနာဂါမ် ဖြစ်၏၊ အသက်တမ်း၏ ထက်ဝက်ကိုလွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် ဖြစ်၏၊ အားထုတ်မှု ‘ပယောဂ’ မပါဘဲ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် ဖြစ်၏၊ အားထုတ်မှု ‘ပယောဂ’နှင့် တကွ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် ဖြစ်၏၊ အထက်သို့ အစဉ်အတိုင်း တက်၍ အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်စံမည့် ဥဒ္ဓံသောတအကနိဋ္ဌ ဂါမီအနာဂါမ် ဖြစ်၏။ မဟာနာမ်ဤပုဂ္ဂိုလ်သည်လည်း ငရဲမှ လွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာ ဘဝမှ လွတ်၏၊ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်မှ လွတ်၏။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည်ကား “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ စင်စစ်အားဖြင့် ဖြစ်သောအလွန်ကြည်ညိုခြင်း ဖြစ်၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ အလွန်ကြည်ညိုခြင်း ဖြစ်၏၊ ရွှင်သော ပညာမရှိ၊ လျင်မြန်သောပညာမရှိ၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့်လည်း မပြည့်စုံ၊ ထိုသူသည် သံယောဇဉ်သုံးပါးတို့ကုန်သည့်ပြင် စွဲမက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’တို့ ခေါင်းပါးခြင်းကြောင့်ဤ (ကာမ) ဘုံသို့ တစ် ကြိမ်သာ ပြန်လာ၍ ဆင်းရဲ၏ အဆုံးကို ပြုမည့် သကဒါဂါမ် ဖြစ်၏။ မဟာနာမ်ဤပုဂ္ဂိုလ်သည်လည်း ငရဲမှ လွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်မှ လွတ်၏။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည်ကား “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အ့ကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ စင်စစ်အားဖြင့် ဖြစ်သောအလွန်ကြည်ညိုခြင်း ဖြစ်၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ အလွန်ကြည်ညိုခြင်း ဖြစ်၏၊ ရွှင်သော ပညာမရှိ၊ လျင်မြန်သောပညာမရှိ၊ (ကိလေ သာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့်လည်း မပြည့်စုံ၊ သံယောဇဉ်သုံးပါးတို့ကုန်ခြင်းကြောင့် ပျက်စီးကျ ရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်း ငရဲမှ လွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ အပါယ်မှ လွတ်၏။

မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည်ကား မြတ်စွာဘုရား၌ စင်စစ်အားဖြင့် ဖြစ်သောအလွန်ကြည်ညိုခြင်း မဖြစ်။ပ။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မဖြစ်)၊ ရွှင်သော ပညာမရှိ၊ လျင်မြန်သော ပညာမရှိ၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့်လည်း မပြည့်စုံ။ သို့ရာတွင် ထိုသူအား သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဤတရားတို့သည် ဖြစ်ကုန်၏၊ ထိုသူသည်မြတ်စွာဘုရား သိစေ တော်မူသော တရားတို့ကိုလည်း ပညာဖြင့် နှိုင်းဆကြည့်နိုင်၏။ မဟာနာမ်ဤပုဂ္ဂိုလ်သည်လည်း ငရဲသို့ မရောက်၊ တိရ စ္ဆာန်ဘဝသို့ မရောက်၊ ပြိတ္တာဘဝသို့ မရောက်၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်သို့ မရောက်။

မဟာနာမ် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည်ကား မြတ်စွာဘုရား၌ စင်စစ်အားဖြင့် ဖြစ်သောအလွန်ကြည်ညိုခြင်း မဖြစ်၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မဖြစ်)၊ ရွှင်သော ပညာမရှိ၊ လျင်မြန်သော ပညာမရှိ၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့်လည်း မပြည့်စုံ။ သို့ရာတွင် ထိုသူ့အားသဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေ ဟူသော ဤတရားတို့သည် ဖြစ်ကုန်၏၊ ထိုသူအား မြတ်စွာဘုရား၌ ယုံကြည်ခြင်းမျှချစ်ခြင်းမျှသည်သာ ဖြစ်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်း ငရဲသို့ မရောက်၊ တိရ စ္ဆာန်ဘဝသို့ မရောက်၊ ပြိတ္တာဘဝသို့ မရောက်၊ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်သို့ မရောက်။

မဟာနာမ် ဥပမာသော်ကား မြေမကောင်းသော သစ်ငုတ်ကို မနုတ်ထွင်ရသေးသော လယ်ညံ့၌မျိုးစေ့တို့သည်လည်း ကျိုးပျက်ကုန်၏၊ ပုပ်ကုန်၏၊ လေနေပူ နှိပ်စက်ကုန်၏၊ အနှစ် မရှိကုန်၊ ကောင်းစွာသိုလှောင် မထားခဲ့ရကုန်၊ မိုးသည်လည်းကောင်းစွာ မရွာသွန်းရာ၊ ထိုမျိုးစေ့တို့သည် ကြီးပွားစည်ပင်ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာသလော။ အသျှင်ဘုရား မရောက်ကုန်ရာပါ။ မဟာနာမ် ဤအတူပင် ဤလောက၌ တရားကို မကောင်းသဖြင့် ဟောကြားအပ်၏၊ မကောင်းသဖြင့် သိစေအပ်၏၊ (ဝဋ်ဆင်းရဲမှ) လွတ်မြောက်ကြောင်းလည်း မဟုတ်၊ အေးငြိမ်းခြင်းကိုလည်း မဖြစ်စေနိုင်၊ မြတ်စွာဘုရားတို့ ဟောကြားအပ်သော တရားမျိုးလည်း မဟုတ်၊ ဤတရားမျိုးကို လယ်ညံ့ (နှင့် တူ၏)ဟု ငါ ဆို၏၊ ထိုတရားမျိုး၌တပည့်သည် တရားအား လျော်သောအကျင့်ကို ကျင့်နေ၏၊ ရိုသေစွာ ကျင့်၏၊ တရားအား လျော်စွာကျင့်၏၊ ဤကျင့်ခြင်းမျိုးကို မျိုးစေ့ညံံ့့ (နှင့် တူ၏)ဟု ငါ ဆို၏။

မဟာနာမ် ဥပမာသော်ကား မြေကောင်းသော သစ်ငုတ်ကို နုတ်ထွင်ပြီးသော လယ်ကောင်း၌မျိုးစေ့တို့သည်လည်း မကျိုးပျက်ကုန်၊ မပုပ်ကုန်၊ လေနေပူ မနှိပ်စက်ကုန်၊ အနှစ်ရှိကုန်၏၊ ကောင်းစွာသိုလှောင်ထားခဲ့ရကုန်၏၊ မိုးသည်လည်းကောင်းစွာ ရွာသွန်းရာ၏၊ ထိုမျိုးစေ့တို့သည် ကြီးပွားစည်ပင်ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာသလော။ အသျှင်ဘုရား ရောက်ကုန်ရာပါ၏။ မဟာနာမ် ဤအတူပင် ဤလောက၌ တရားကို ကောင်းစွာ ဟောကြားအပ်၏၊ ကောင်းစွာ သိစေအပ်၏၊ (ဝဋ်ဆင်းရဲမှ) လွတ်မြောက်ကြောင်း ဖြစ်၏၊ အေးငြိမ်းခြင်းကိုလည်း ဖြစ်စေနိုင်၏၊ မြတ်စွာဘုရားတို့ ဟောကြားအပ်သော တရားမျိုးဖြစ်၏၊ ဤတရားမျိုးကို လယ်ကောင်း (နှင့် တူ၏)ဟု ငါ ဆို၏၊ ထိုတရား၌ တပည့်သည် တရားအားလျော်သောအကျင့်ကို ကျင့်နေ၏၊ ရိုသေစွာ ကျင့်၏၊ တရားအား လျော်စွာ ကျင့်၏၊ ဤကျင့်ခြင်းမျိုးကို့မျိုးစေ့ကောင်း (နှင့် တူ၏)ဟု ငါ ဆို၏၊ သရဏာနိသာကီဝင်ကို အဘယ်ဆိုဖွယ်ရှိအံ့နည်း၊ မဟာနာမ်သရဏာနိသာကီဝင်သည် သေခါနီးအခါ၌ အကျင့်ကို အပြည့်အစုံပြုကျင့်သော သူဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။