သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၆—ပဌမ အနာထပိဏ္ဍိကသုတ်

၁ဝ၂၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ အနာထပိဏ်သူဌေးသည် အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် ယောကျာ်းတစ်ယောက်ကို “အမောင်ယောကျာ်း လာဦး၊ သင်သည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်ဘုရားအနာထပိဏ်သူဌေးသည် အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ ထိုသူဌေးသည် အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးခိုက်လိုက်ပါ၏”ဟု ငါ၏ စကားဖြင့်အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလော့၊ “အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် အစဉ်သနားသည်ကို အကြောင်းပြု၍ အနာထပိဏ်သူဌေး၏ အိမ်သို့ ချဉ်းကပ်တော်မူပါ”ဟု ဤသို့လည်း လျှောက်လေလော့ဟု ပြောဆိုလေ၏။

“အသျှင် ကောင်းပါပြီ”ဟု ထိုယောကျာ်းသည် အနာထပိဏ်သူဌေးအား ဝန်ခံပြီးလျှင် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏— အသျှင်ဘုရား အနာထပိဏ်သူဌေးသည် အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်း ထန်စွာမကျန်းမမာ ဖြစ်နေပါ၏၊ ထိုသူဌေးသည် အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးခိုက်လိုက်ပါ၏၊ “အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် အစဉ်သနားသည်ကို အကြောင်းပြု၍ အနာထပိဏ်သူဌေး၏ အိမ်သို့ ချဉ်းကပ်တော်မူပါ”ဟု ဤသို့လည်း လျှောက်လိုက်ပါ၏ဟု (လျှောက်၏)။ အသျှင်သာရိပုတြာသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် အသျှင်သာရိပုတြာသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူလျက်နောက်လိုက်ရဟန်း အသျှင်အာနန္ဒာနှင့် အတူ အနာထပိဏ်သူဌေး၏ အိမ်သို့ ချဉ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်နေတော်မူပြီးလျှင် အနာထပိဏ်သူဌေးအား “သူဌေး သင် ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဝေဒနာတို့သည် မတိုးမူ၍ ဆုတ်ကုန်၏လော၊ ဆုတ်သောအခြင်းအရာ မတိုးသောအခြင်းအရာသည် ထင်ပါ၏လော”ဟု မေးလေ၏။ အသျှင်ဘုရား တပည့်တော်သည် မခန့်ကျန်းပါ၊ မမျှတပါ၊ ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည် မဆုတ်မူ၍ တိုးပါကုန်၏၊ တိုးသောအခြင်းအရာ မဆုတ်သောအခြင်းအရာသည် ထင်ပါ၏ဟု လျှောက်၏။

သူဌေး မြတ်စွာဘုရား၌ အကြင်သို့သဘောရှိသော မကြည်ညိုခြင်းနှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏လားရောက် ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ မြတ်စွာဘုရား၌ ထိုသို့သဘောရှိသောမကြည်ညိုခြင်း သည် သင့်အား မရှိ။ သူဌေး “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကိုခံတော်မူထိုက်သောအကြောင်း ကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌မတုန်မလှုပ် ကြည်ညိုခြင်းသည် သင့်အား ရှိသည်သာတည်း၊ ထိုမြတ်စွာဘုရား၌ မတုန်မလှုပ်ကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အား ဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး တရားတော်၌ အကြင်သို့သဘောရှိသော မကြည်ညိုခြင်းနှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ တရားတော်၌ ထိုသို့သဘောရှိသောမကြည်ညိုခြင်းသည် သင့် အား မရှိ။ သူဌေး “မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာဟောကြားတော်မူ၏။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားဖြစ်၏”ဟုတရားတော်၌ မတုန်မလှုပ် ကြည်ညို ခြင်းသည် သင့်အား ရှိသည်သာတည်း၊ ထိုတရားတော်၌မတုန်မလှုပ် ကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အား ဝေဒနာသည်ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး သံဃာတော်၌ အကြင်သို့သဘောရှိသော မကြည်ညိုခြင်းနှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ သံဃာတော်၌ ထိုသို့သဘောရှိသောမကြည်ညို ခြင်းသည် သင့်အား မရှိ။ သူဌေး “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည်ကောင်းသောအကျင့် ရှိတော်မူပါ ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်၏”ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းသည် သင့်အား ရှိသည်သာတည်း၊ ထိုသံဃာတော်၌မတုန်မလှုပ် ကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အား ဝေဒနာသည်ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော သီလပျက်ခြင်းနှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ် သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော သီလပျက်ခြင်းသည် သင့်အား မရှိ။ သူဌေးအရိယာတို့ နှစ်သက်အပ်ကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သော သီလတို့သည်သင့်အား ရှိကုန်သည်သာတည်း၊ ထိုအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့ကို မိမိကိုယ်၌ ကောင်းစွာရှုဆင်ခြင်သော သင့်အား ဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’ သည် သင့်အား မရှိ။ သူဌေး မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ သည် သင့်အားရှိသည်သာတည်း၊ ထိုမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အားဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသော ကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ’ နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသော ကြံစည်မှု ‘မိစ္ဆာသင်္ကပ္ပ’ သည် သင့်အား မရှိ။ သူဌေး မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’သည် သင့်အား ရှိသည်သာတည်း၊ ထိုမှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အားဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသော ပြောဆိုမှု ‘မိစ္ဆာဝါစာ’ နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသော ပြောဆိုမှု ‘မိစ္ဆာဝါစာ’ သည် သင့်အား မရှိ။ သူဌေး မှန်ကန်သော ပြောဆိုမှု ‘သမ္မာဝါစာ’ သည် သင့်အား ရှိသည်သာ့တည်း၊ ထိုမှန်ကန်သော ပြောဆိုမှု ‘သမ္မာဝါစာ’ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အားဝေဒနာ သည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသောအလုပ် ‘မိစ္ဆာကမ္မ န္တ’ နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသောအလုပ် ‘မိစ္ဆာကမ္မန္တ’သည် သင့်အား မရှိ။ သူဌေး မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’သည် သင့်အား ရှိသည်သာတည်း၊ ထိုမှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အား ဝေဒနာသည်ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသောအသက်မွေးမှု ‘မိစ္ဆာဇီဝ’နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသောအသက်မွေးမှု ‘မိစ္ဆာဇီဝ’သည် သင့်အား မရှိ။ သူဌေး မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ သည် သင့်အား ရှိသည်သာတည်း၊ ထိုမှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အား ဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသောအားထုတ်မှု ‘မိစ္ဆာဝါယာမ’နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသောအားထုတ်မှု ‘မိစ္ဆာဝါယာမ’ သည် သင့်အား မရှိ။ သူဌေး မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’ သည် သင့်အား ရှိသည်သာတည်း၊ ထိုမှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အား ဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသော အောက်မေ့မှု ‘မိစ္ဆာသတိ’နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသော အောက်မေ့မှု ‘မိစ္ဆာသတိ’ သည် သင့်အား မရှိ။ သူဌေး မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ သည် သင့်အား ရှိသည်သာတည်း၊ ထိုမှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သောသင့်အား ဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’ သည် သင့်အား မရှိ။ သူဌေး မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ သည် သင့်အား ရှိသည်သာတည်း၊ ထိုမှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို မိမိကိုယ်၌ ကောင်းစွာရှုဆင်ခြင် သော သင့်အား ဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသော (အသိ) ဉာဏ်နှင့် ပြည့်စုံသောအကြားအမြင်မရှိ သောပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသော (အသိ) ဉာဏ်သည် သင့်အား မရှိ။ သူဌေး မှန်ကန်သော (အသိ) ဉာဏ်သည် သင့်အား ရှိသည်သာတည်း၊ ထိုမှန်ကန်သော (အသိ) ဉာဏ်ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အား ဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏။

သူဌေး အကြင်သို့သဘောရှိသော မှားယွင်းသော လွတ်မြောက်မှုနှင့် ပြည့်စုံသောအကြားအမြင်မရှိ့သော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သူတို့၏လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏၊ ထိုသို့သဘောရှိသော မှားယွင်းသောလွတ်မြောက်မှုသည် သင့်အား မရှိ။ သူဌေး မှန်ကန်သော လွတ်မြောက်မှုသည် သင့်အားရှိသည်သာတည်း၊ ထိုမှန်ကန်သော လွတ်မြောက်မှုကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော သင့်အားဝေဒနာသည် ခဏချင်းပင် ငြိမ်းရာ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ အနာထပိဏ်သူဌေးအား ဝေဒနာတို့သည် ခဏချင်းပင် ငြိမ်းကုန်၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာကိုလည်းကောင်း၊ အသျှင်အာနန္ဒာကိုလည်းကောင်း မိမိအဖို့ ချက်ပြီးဖြစ်သော ထမင်းအိုးမှ ထမင်းဖြင့်ပင် လုပ်ကျွေးလေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ဆွမ်းစားပြီး၍သပိတ်မှ လက်ကို ဖယ်ပြီးသော် အနာထပိဏ်သူဌေးသည် နိမ့်သော နေရာတစ်ခု၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောအနာထပိဏ်သူဌေးအား အသျှင်သာရိပုတြာသည် ဤဂါထာတို့ဖြင့်အနုမောဒနာ ပြုတော်မူ၏—

“အကြင်သူအား မြတ်စွာဘုရား၌ မတုန်မလှုပ် ကောင်းစွာ တည်သော ယုံကြည်မှု ‘သဒ္ဓါ’လည်း ရှိ၏၊ ကောင်းသောအရိယာတို့ နှစ်သက်အပ်သော ချီးမွမ်းထိုက်သော သီလလည်း ရှိ၏။

သံဃာတော်၌ ကြည်ညိုခြင်းလည်း ရှိ၏၊ ဖြောင့်မတ်သောအမြင်လည်း ရှိ၏၊ ထို သူ့ကို သူဆင်းရဲမဟုတ်ဟု ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းသည် အချည်းနှီး မဖြစ်။

ထို့ကြောင့် ယုံကြည်မှုကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ကြည်ညိုခြင်းကို လည်းကောင်း၊ တရားတော်ကို ရှုမြင်ခြင်းကိုလည်းကောင်း အောက်မေ့သော ပညာရှိ သည် မြတ်စွာဘုရား၏အဆုံးအမတော်ကို အဖန်တလဲလဲ အားထုတ်ရာ၏”ဟု (အနုမောဒနာ ပြုတော်မူ၏)။

ထို့နောက် အသျှင်သာရိပုတြာသည် အနာထပိဏ်သူဌေးကို ဤဂါထာတို့ဖြင့် အနုမောဒနာပြုပြီးလျှင်နေရာမှ ထ၍ ဖဲကြွလေ၏။

ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောအသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် “အာနန္ဒာ ယခု နေမွန်းတည့်အချိန်၌ သင် အဘယ်က လာသနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား “အသျှင်သာရိပုတြာသည် အနာထပိဏ်သူဌေးကို ဤသို့ ဤသို့သော ဆုံးမခြင်းဖြင့် ဆုံးမတော်မူ၏”ဟု လျှောက်၏။ အာနန္ဒာ သာရိပုတြာသည် ပညာရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ပညာကြီး၏၊ ယင်း (သာရိပုတြာ) သည် သောတာပန်အင်္ဂါလေးပါးတို့ကို အခြင်းအရာဆယ်ပါးတို့ဖြင့် ဝေဖန်နိုင်ဘိ၏ဟု (မိန့် တော်မူ၏)။

ဆဋ္ဌသုတ်။