သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၇—ဒုတိယ အနာထပိဏ္ဍိကသုတ်

၁ဝ၂၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ အနာထပိဏ်သူဌေးသည် အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် ယောကျာ်းတစ်ယောက်ကို “အမောင်ယောကျာ်း လာဦး၊ သင်သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ ‘အသျှင်ဘုရားအနာထပိဏ်သူဌေးသည် အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ ထိုသူဌေးသည် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးခိုက်လိုက်ပါ၏ဟု ငါ၏ စကားဖြင့် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလော့၊ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်အာနန္ဒာသည် အစဉ်သနားသည်ကို အကြောင်းပြု၍ အနာထပိဏ်သူဌေး၏ အိမ်သို့ချဉ်းကပ်တော်မူပါ’ဟု ဤသို့လည်း လျှောက်လေလော့”ဟု ပြောဆိုလေ၏။

“အသျှင် ကောင်းပါပြီ”ဟု ထိုယောကျာ်းသည် အနာထပိဏ်သူဌေးအား ဝန်ခံပြီးလျှင် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် အနာနှိပ်စက်ရကားဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ ထိုသူဌေးသည် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးခိုက်လိုက်ပါ၏၊ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်အာနန္ဒာသည် အစဉ်သနားသည်ကိုအကြောင်းပြု၍ အနာထပိဏ်သူဌေး၏ အိမ်သို့ ချဉ်းကပ်တော်မူပါ’ဟု ဤသို့လည်းလျှောက်လိုက်ပါ၏”ဟု လျှောက်၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် အသျှင်အာနန္ဒာသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် အနာထပိဏ်သူဌေးအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးလျှင် အနာထပိဏ်သူဌေးကို “သူဌေး သင် ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဝေဒနာတို့သည် မတိုးမူ၍ ဆုတ်ယုတ်ကုန်၏လော၊ ဆုတ်ယုတ်သောအခြင်းအရာ မတိုးသောအခြင်းအရာသည် ထင်ပါ၏လော”ဟု မေးတော်မူ၏။ အသျှင်ဘုရား တပည့်တော် မခန့်ကျန်းပါ၊ မမျှတပါ၊ ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည်မဆုတ်ယုတ်မူ၍ တိုးပါကုန်၏၊ တိုးသောအခြင်းအရာ မဆုတ်ယုတ်သောအခြင်းအရာသည် ထင်ပါ၏ဟုလျှောက်၏။

သူဌေး တရားလေးပါးတို့နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်အား ထိတ်လန့်တုန်လှုပ်မှုတမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် ဖြစ်၏။ အဘယ်လေးပါးတို့နှင့်နည်း၊ သူဌေး ဤလောက၌ အကြားအမြင်မရှိသော ပုထုဇဉ်သည် ဘုရား၌ မကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ ထိုဘုရား၌ မကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော ထိုသူ့အား ထိတ်လန့်တုန်လှုပ်မှုတမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် ဖြစ်၏။

သူဌေး နောက်တစ်မျိုးကား အကြားအမြင်မရှိသော ပုထုဇဉ်သည် တရားတော်၌ မကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ ထိုတရားတော်၌ မကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော ထိုသူ့အား ထိတ်လန့် တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် ဖြစ်၏။

သူဌေး နောက်တစ်မျိုးကား အကြားအမြင်မရှိသော ပုထုဇဉ်သည် သံဃာတော်၌ မကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ ထိုသံဃာတော်၌ မကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော ထိုသူ့အား ထိတ်လန့် တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် ဖြစ်၏။

သူဌေး နောက်တစ်မျိုးကား အကြားအမြင်မရှိသော ပုထုဇဉ်သည် သီလပျက်ခြင်းနှင့် ပြည့်စုံ၏၊ ထိုသီလပျက်ခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော ထိုသူ့အား ထိတ်လန့် တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် ဖြစ်၏။ သူဌေး ဤတရားလေးပါးတို့နှင့် ပြည့်စုံသောအကြားအမြင်မရှိသော ပုထုဇဉ်အား ထိတ်လန့် တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သောသေရခြင်းကို ကြောက်မှုသည် ဖြစ်၏။

သူဌေး တရားလေးပါးတို့နှင့် ပြည့်စုံသောအကြားအမြင်ရှိသောအရိယာတပည့်အား ထိတ်လန့်တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် ဖြစ်၏။ အဘယ်လေးပါးတို့နှင့်နည်း၊ သူဌေး ဤသာသနာတော်၌ အကြားအမြင်ရှိသောအရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ ထိုမြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ့ရှုဆင်ခြင်သော ထိုသူ အား ထိတ်လန့် တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကိုကြောက်မှုသည် မဖြစ်။

သူဌေး နောက်တစ်မျိုးကား အကြားအမြင်ရှိသောအရိယာတပည့်သည် “မြတ်စွာဘုရား ဟောထားသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားဖြစ်၏။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားဖြစ်၏”ဟု တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ ထိုတရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော ထိုသူ့အား ထိတ်လန့် တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် မဖြစ်။

သူဌေး နောက်တစ်မျိုးကား အကြားအမြင်ရှိသောအရိယာတပည့်သည် “မြတ်စွာဘုရား၏ တပည့် သားသံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန်အမြတ်ဆုံး လယ်မြေ ဖြစ်၏”ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ ထိုသံဃာတော်၌မတုန်မလှုပ် ကြည်ညိုခြင်းကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော ထိုသူ့အား ထိတ်လန့် တုန်လှုပ်မှုတမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် မဖြစ်။

သူဌေး နောက်တစ်မျိုးကား အကြားအမြင်ရှိသောအရိယာတပည့်သည် မကျိုး မပေါက် မပြောက်မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သောသီလနှင့် ပြည့်စုံ၏၊ အရိယာတို့ နှစ်သက်အပ်ကုန်သော ထိုသီလတို့ကို မိမိကိုယ်၌ ကောင်းစွာ ရှုဆင်ခြင်သော ထိုသူ့အား ထိတ်လန့် တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် မဖြစ်။ သူဌေး ဤတရားလေးပါးတို့နှင့် ပြည့်စုံသောအကြားအမြင်ရှိသောအရိယာတပည့်အားထိတ်လန့် တုန်လှုပ်မှု တမလွန်ဘဝ၏ အကြောင်းဖြစ်သော သေရခြင်းကို ကြောက်မှုသည် မဖြစ်ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အာနန္ဒာ အကျွန်ုပ်သည် မကြောက်ပါ၊ အကျွန်ုပ်သည် အဘယ့်ကြောင့် ကြောက်ရမည်နည်း၊ အသျှင်ဘုရား “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’မည်တော်မူ၏။ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟုအကျွန်ုပ်သည် မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံပါ၏။ပ။ “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန်အမြတ်ဆုံး လယ်မြေ ဖြစ်၏”ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံပါ၏။ အသျှင်ဘုရားမြတ်စွာဘုရား ဟောထားတော်မူသော သိက္ခာပုဒ်တို့တွင် မိမိကိုယ်၌ လူတို့နှင့်သင့်လျော်လျောက်ပတ်သော သိက္ခာပုဒ်တစ်ပါးပါး ကျိုးပျက်ခြင်းကို တပည့်တော် မမြင်ပါဟု လျှောက်၏။ သူဌေး သင့်အား အရ တော်ပေစွ၊ သူဌေး သင့်အား ကောင်းစွာ ရအပ်ပေစွ၊ သူဌေးသောတာပတ္တိဖိုလ်ကို သင် ဖြေကြားပေ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။