သံယုတ္တနိကာယ်—၅၅

၃—သရဏာနိဝဂ်

၈—ပဌမ ဘယဝေရူပသန္တသုတ်

၁ဝ၂၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေသောအနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— သူဌေး အကြင့်ကြောင့် အရိယာတပည့်အား ဘေးရန်ငါးပါးတို့လည်းငြိမ်းကုန်၏၊ သောတာပန်၏ အင်္ဂါလေးပါးတို့နှင့်လည်း ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် မြတ်သောအသိဉာဏ်ကိုလည်း ပညာဖြင့် ကောင်းစွာ မြင်၏၊ ကောင်းစွာ ထိုးထွင်း၍ သိ၏၊ (ထို့ကြောင့်) ထိုအရိယာ့တပည့်သည် အလိုရှိခဲ့သော် ငရဲပဋိသန္ဓေ ကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေ ကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေ ကုန်ပြီ၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ပဋိသန္ဓေ ကုန်ပြီ၊ ငါသည်ပျက်စီးကျ ရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသောသောတာပန် ဖြစ်ပြီဟု မိမိကိုယ်တိုင်ပင် မိမိအကြောင်းကို ပြောကြားနိုင်ရာ၏။

အဘယ်ဘေးရန်ငါးပါးတို့ ငြိမ်းကုန်သနည်း။ သူဌေး သူ့အသက်ကို သတ်လေ့ရှိသူသည် သူ့အသက် ကိုသတ်ခြင်းအကြောင်းကြောင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်ကိုလည်း တိုးပွားစေ၏၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်ကိုလည်း တိုးပွားစေ၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း ခံစားရ၏၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သူအား ဤသို့သော ဘေးရန်သည် ငြိမ်း၏။ သူဌေး မပေးသည်ကို ယူလေ့ရှိသူသည်။ပ။ သူဌေး ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိသူသည်။ပ။

သူဌေး မမှန် စကား ပြောကြားလေ့ရှိသူသည်။ပ။ သူဌေး မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကိုသောက်လေ့ရှိ သူသည် မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းကြောင့်မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်ကိုလည်း တိုးပွားစေ၏၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်ကိုလည်းတိုးပွားစေ၏၊ စိတ်၌ ဖြစ် သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း ခံစားရ၏၊ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအား ဤသို့သောဘေးရန်သည် ငြိမ်း၏။ ဤဘေးရန်ငါးပါးတို့သည် ငြိမ်း ကုန်၏။

အဘယ်သောတာပန်၏ အင်္ဂါလေးပါးတို့နှင့် ပြည့်စုံသနည်း။ သူဌေး ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကိုခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏။ပ။ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု ဘုရား၌ မတုန် မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏)။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။ ဤသောတာပန်၏ အင်္ဂါလေးပါးတို့နှင့်ပြည့်စုံ၏။

ထိုအရိယာတပည့်သည် အဘယ် မြတ်သောအသိဉာဏ်ကို ပညာဖြင့် ကောင်းစွာ မြင်သနည်း၊ ကောင်းစွာ ထိုးထွင်း၍ သိသနည်း။ သူဌေး ဤသာသနာတော်၌ အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ်ကိုပင်ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏— “ဤသို့ ဤအကြောင်း ဖြစ်သည်ရှိသော် ဤအကျိုးဖြစ်၏၊ ဤအကြောင်း ဖြစ်ခြင်းကြောင့် ဤအကျိုး ဖြစ်၏၊ ဤသို့ ဤအကြောင်း မဖြစ်သည်ရှိသော် ဤအကျိုး ချုပ်၏၊ ဤအကြောင်း ချုပ်ခြင်းကြောင့် ဤအကျိုး ချုပ်၏။ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့်ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဉ်’ ဖြစ်၏။ပ။

ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု ဖြစ်၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ချုပ်ခြင်း ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်၏”ဟုကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏။ ထိုအရိယာတပည့်သည် ဤမြတ်သောအသိဉာဏ်ကိုပညာဖြင့် ကောင်းစွာ မြင်၏၊ ကောင်းစွာ ထိုးထွင်း၍ သိ၏။

သူဌေး အကြင့်ကြောင့် အရိယာတပည့်အား ဘေးရန်ငါးပါးတို့လည်း ငြိမ်းကုန်၏၊ ဤသောတာပန်၏အင်္ဂါလေးပါးတို့နှင့်လည်း ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် ဤမြတ်သောအသိဉာဏ်ကိုလည်း ပညာဖြင့်ကောင်းစွာ မြင်၏၊ ကောင်းစွာ ထိုးထွင်း၍ သိ၏။ (ထို့ကြောင့်) ထိုအရိယာတပည့်သည် အလိုရှိခဲ့သော့်”ငရဲပဋိသန္ဓေ ကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေ ကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေ ကုန်ပြီ၊ မကောင်းသော သူတို့၏လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ပဋိသန္ဓေ ကုန်ပြီ၊ ငါသည် ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏”ဟု မိမိကိုယ်တိုင်ပင် မိမိအကြောင်းကို ပြောကြားနိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။