သံယုတ္တနိကာယ်—၅၅

၁—ဝေဠုဒွါရဝဂ်

၃—ဒီဃာဝု ဥပါသကသုတ်

၉၉၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဒီဃာဝုဥပါသကာသည် အနာရောဂါနှိပ်စက်ရကားဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ ထိုအခါ ဒီဃာဝုဥပါသကာသည် အဖဖြစ်သော ဇောတိကသူကြွယ်ကို “ဖခင်သူကြွယ် လာလော့၊ ဖခင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍အသျှင်ဘုရား ‘ဒီဃာဝုဥပါသကာသည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ ဒီဃာဝုဥပါသကာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏’ဟု အကျွန်ုပ်စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပါလော့၊ ထို့ပြင်လည်း ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အစဉ်သနားသည်ကို အကြောင်းပြု၍ ဒီဃာဝုဥပါသကာ၏ အိမ်သို့ ချဉ်းကပ်တော်မူပါ’ဟု ဤသို့လည်း လျှောက်ပါလော့”ဟု ပြောဆို၏။

“ချစ်သား ကောင်းပြီ”ဟု ဇောတိကသူကြွယ်သည် ဒီဃာဝုဥပါသကာအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား ဒီဃာဝုဥပါသကာသည် အနာရောဂါနှိပ်စက်ရကားဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ ဒီဃာဝုဥပါသကာသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏၊ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည့်အစဉ်သနားသည်ကို အကြောင်းပြု၍ ဒီဃာဝုဥပါသကာ၏ အိမ်သို့ ချဉ်းကပ်တော်မူပါ’ဟု ဤသို့လည်းလျှောက်ပါ၏”ဟု လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူလျက် ဒီဃာဝုဥပါသကာ၏ အိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးလျှင် ဒီဃာဝုဥပါသကာအား”ဒီဃာဝု သင် ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ မတိုးပွါး ဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွား၏ဟုမထင်ဘဲ ရှိပါ၏လော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား တပည့်တော်သည် မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲဝေဒနာ တို့သည် တိုးပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟုသာထင်ပါ၏၊ ဆုတ် ယုတ်၏ဟု မထင်ပါဟု လျှောက်၏။

ဒီဃာဝု သို့ဖြစ်လျှင် သင်သည် ဤသို့ ကျင့်ရမည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူ သောအကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံသူ ဖြစ်ပေအံ့။ တရားတော်၌။ပ။ သံဃာတော်၌။ပ။

မကျိုးကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သောသီလတို့နှင့် ပြည့်စုံသူ ဖြစ်ပေအံ့။ ဒီဃာဝု ဤသို့လျှင် သင်သည် ကျင့်ရမည်ဟု မိန့်တော်မူ၏။

အသျှင်ဘုရား မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော သောတာပန်၏ အင်္ဂါလေးမျိုးတို့သည်တပည့်တော်၌ ရှိပါကုန်၏၊ တပည့်တော်သည်လည်း ထိုတရားတို့၌ ထင်မြင်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာ သမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝ မနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုးကုန်သော။ပ။

တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံပါ၏ဟု လျှောက်၏။

ဒီဃာဝု သို့ဖြစ်လျှင် သင်သည် ဤသောတာပန် အင်္ဂါလေးမျိုးတို့၌ တည်ပြီး၍ ဝိဇ္ဇာ (မဂ်ဉာဏ်) လျှင့်အဖို့ရှိသော တရားခြောက်ပါးတို့ကို တစ်ဆင့်တက်၍ ပွားများရာ၏။ “ဒီဃာဝု ဤသာသနာတော်၌ သင်သည် အလုံးစုံသော သင်္ခါရတရားတို့၌ မမြဲဟု အဖန်တလဲလဲ ရှုလျက် နေလော့၊ မမြဲသောသင်္ခါရတရား၌ ဆင်းရဲ၏ဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊ ဆင်းရဲသော သင်္ခါရတရား၌အတ္တမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍လည်းကောင်း၊ ပယ်စွန့်အံ့ဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊ စွဲမက်မှု ကင်းစေအံ့ဟု အမှတ်ရှိသည် ဖြစ်၍လည်းကောင်း၊ ချုပ်ငြိမ်းစေအံ့ဟုအမှတ်ရှိသည်ဖြစ်၍လည်းကောင်း နေလော့”။ ဒီဃာဝု သင်သည် ဤသို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား ဟောတော်မူသော ဝိဇ္ဇာ (မဂ်ဉာဏ်) လျှင် အဖို့ရှိသော တရားခြောက်ပါးတို့သည် အကျွန်ုပ်၌ ရှိပါကုန်၏၊ အကျွန်ုပ်သည်လည်း ထိုတရားတို့၌ ထင်မြင်ပါ၏။ အသျှင်ဘုရားအကျွန်ုပ်သည် အလုံးစုံသော သင်္ခါရတရားတို့၌ မမြဲဟု အဖန်တလဲလဲ ရှုလျက် နေပါ၏။ မမြဲသောသင်္ခါရ တရား၌ ဆင်းရဲ၏ဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊ ဆင်းရဲသော သင်္ခါရတရား၌ အတ္တမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊ ပယ်စွန့်အံ့ဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊ စွဲမက်မှုကင်းစေအံ့ဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊ ချုပ်ငြိမ်းစေအံ့ဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း နေပါ၏။ အသျှင် ဘုရား ဤဖခင်ဖြစ်သော ဇောတိကသူကြွယ်သည် တပည့်တော် ကွယ်လွန်သဖြင့်ဆင်းရဲခြင်းသို့ မရောက် ပါစေလင့်ဟု တပည့်တော်အား ဤအကြံ ဖြစ်ပါ၏ဟု လျှောက်၏။ ချစ်သားဒီဃာဝု “သင်သည် ဤသို့ နှလုံးမသွင်းလင့်၊ ချစ်သား ဒီဃာဝု တိုက်တွန်း၏၊ မြတ်စွာဘုရားဟောကြားသည်ကိုသာ သင် ကောင်းစွာ နှလုံးသွင်းလော့”ဟု (ဇောတိကသူကြွယ်) က ဆို၏။

ထို့နောက် မြတ်စွာဘုရားသည် ဒီဃာဝုဥပါသကာကို ဤအဆုံးအမဖြင့် ဆုံးမပြီးလျှင် နေရာမှထကာဖဲသွားတော်မူလေ၏၊ ထို့နောက် ဒီဃာဝုဥပါသကာသည် မြတ်စွာဘုရား ဖဲသွား၍ မကြာမီ ကွယ်လွန်လေ၏၊ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏—“အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသောအဆုံးအမဖြင့် ဆုံးမတော်မူအပ်သော ဒီဃာဝုဥပါသကာသည် ကွယ်လွန်ခဲ့ပါပြီ၊ ထိုဥပါသကာ၏ လားရောက်ရာ ‘ဂတိ’ကား အဘယ်ပါနည်း၊ လဲလျောင်းရာ ကား အဘယ်ပါနည်း”ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ပညာရှိသောဒီဃာဝုဥပါသကာသည် နိဗ္ဗာန်အား လျော်သော မဂ်ဖိုလ်တရားကို ရရောက်ခဲ့ပြီ၊ တရားဟောပုဂ္ဂိုလ်ဖြစ်သော ငါ့ကို မပင်ပန်းစေ၊ ရဟန်းတို့ ပညာရှိသော ဒီဃာဝုဥပါသကာသည်အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပြီး လျှင် ပရိနိဗ္ဗာန်ပြုမည့်သူ ဖြစ်၍ထိုဘုံမှ ပြန်လည်ခြင်းသဘော မရှိတော့ပြီဟု (မိန့်တော်မူ၏)။

တတိယသုတ်။