သံယုတ္တနိကာယ်—၅၅

၄—ပုညာဘိသန္ဒဝဂ်

၄—ပဌမ ဒေဝပဒသုတ်

၁ဝ၃ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မစင်ကြယ်သော သတ္တဝါတို့ကို စင်ကြယ်စေခြင်းငှါ မဖြူစင်သောသတ္တဝါတို့ကို ဖြူစင်စေခြင်းငှါ နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်ကုန်သော တရားတို့သည် ဤလေး့ပါးတို့တည်း၊ အဘယ်လေးပါးတို့နည်း —

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ဤကား မစင်ကြယ်သော သတ္တဝါတို့ကို စင်ကြယ်စေခြင်းငှါ မဖြူစင်သော သတ္တဝါတို့ကို ဖြူစင်စေခြင်းငှါနတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်သော ပဌမ တရားတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၌။ပ။ သံဃာတော်၌။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။

တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့်ပြည့်စုံ၏။ ဤကား မစင်ကြယ်သော သတ္တဝါတို့ကို စင်ကြယ်စေခြင်းငှါ မဖြူစင်သော သတ္တဝါတို့ကိုဖြူစင် စေခြင်းငှါ နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်သော စတုတ္ထ တရားတည်း။

ရဟန်းတို့ မစင်ကြယ်သော သတ္တဝါတို့ကို စင်ကြယ်စေခြင်းငှါ မဖြူစင်သော သတ္တဝါတို့ကို ဖြူစင်စေခြင်းငှါ နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်ကုန်သော တရားတို့သည် ဤလေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။