သံယုတ္တနိကာယ်—၅၅

၄—ပုညာဘိသန္ဒဝဂ်

၅—ဒုတိယ ဒေဝပဒသုတ်

၁ဝ၃၁။ ရဟန်းတို့ မစင်ကြယ်သော သတ္တဝါတို့ကို စင်ကြယ်စေခြင်းငှါ မဖြူစင်သော သတ္တဝါတို့ကိုဖြူစင်စေခြင်းငှါ နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်ကုန်သော တရားတို့သည် ဤလေးပါးတို့တည်း၊ အဘယ် လေးပါးတို့နည်း —

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ထိုသူသည် “နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်သော တရားဟူသည် အဘယ်နည်း”ဟု ဆင်ခြင်၏၊ “ညှဉ်းပန်းနှိပ်စက်မှု မရှိကြကုန်ဟု နတ်တို့၏ အကြောင်းကို ယခု ငါ ကြားရ၏၊ ငါသည် ထိတ်လန့်တတ်သောသူကိုဖြစ်စေ, (ထိတ်လန့်မှုမရှိ) ခိုင်မြဲသော သူကိုဖြစ်စေ တစ်ဦးတစ်ယောက်ကိုမျှ မညှဉ်းဆဲ မနှိပ်စက်၊ ငါသည် နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်သော တရားနှင့် ပြည့်စုံ၍ နေ၏”ဟု ထိုသူသည် ဤသို့ သိ၏။ ဤကား မစင်ကြယ်သော သတ္တဝါတို့ကို စင်ကြယ်စေခြင်းငှါ မဖြူစင်သော သတ္တဝါတို့ကို ဖြူစင်စေခြင်းငှါနတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်ကုန်သော ပဌမ တရားတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၌။ပ။ သံဃာတော်၌။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။

တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့်ပြည့်စုံ၏။ ထိုသူသည် “နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်ကုန်သော တရားဟူသည် အဘယ်နည်း”ဟုဤသို့ ဆင်ခြင်၏၊ “ညှဉ်းပန်းနှိပ်စက်မှု မရှိကြကုန်ဟု နတ်တို့၏ အကြောင်းကို ယခု ငါကြားရ၏၊ ငါသည် ထိတ်လန့်တတ်သော သူကိုဖြစ်စေ, (ထိတ်လန့်မှုမရှိ) ခိုင်မြဲသော သူကိုဖြစ်စေတစ်ဦးတစ်ယောက်ကိုမျှ မညှဉ်းဆဲ မနှိပ်စက်၊ ငါသည် နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်သော တရားနှင့်ပြည့်စုံ၍ နေ၏”ဟု ထိုသူသည် ဤသို့ သိ၏။ ဤကား မစင်ကြယ်သော သတ္တဝါတို့ကိုစင်ကြယ်စေခြင်းငှါ မဖြူစင်သော သတ္တဝါတို့ကို ဖြူစင်စေခြင်းငှါ နတ်တို့၏ ဉာဏ်ဖြင့်ရောက်အပ်ကုန်သော စတုတ္ထ တရားတည်း။

ရဟန်းတို့ မစင်ကြယ်သော သတ္တဝါတို့ကို စင်ကြယ်စေခြင်းငှါ မဖြူစင်သော သတ္တဝါတို့ကို ဖြူစင်စေခြင်းငှါ နတ်တို့၏ ဉာဏ်ဖြင့် ရောက်အပ်ကုန်သော တရားတို့သည် ဤလေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။