သံယုတ္တနိကာယ်—၅၅

၄—ပုညာဘိသန္ဒဝဂ်

၇—မဟာနာမသုတ်

၁ဝ၃၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ့ဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား—

အသျှင်ဘုရား အဘယ်မျှဖြင့် ဥပါသကာဖြစ်ပါသနည်းဟု (လျှောက်၏)။ မဟာနာမ် အကြင့်ကြောင့်မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်၏၊ သံဃာတော်ကိုကိုးကွယ် ဆည်းကပ်၏။ မဟာနာမ် ဤမျှဖြင့် ဥပါသကာဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အဘယ်မျှဖြင့် ဥပါသကာသည် သီလနှင့် ပြည့်စုံပါသနည်းဟု (လျှောက်၏)။ မဟာ နာမ်အကြင့်ကြောင့် ဥပါသကာသည် သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏၊ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဉ်လေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏၊ မမှန် ပြောဆိုခြင်းမှရှောင်ကြဉ်လေ့ရှိ၏၊ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ မဟာနာမ် ဤမျှဖြင့် ဥပါသကာသည် သီလနှင့် ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အဘယ်မျှဖြင့် ဥပါသကာသည် ယုံကြည်မှု ‘သဒ္ဓါ’ နှင့် ပြည့်စုံပါသနည်းဟု (လျှောက် ၏)။

မဟာနာမ် ဤသာသနာတော်၌ ဥပါသကာသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏၊ “ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။

နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော် မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၏ဗောဓိဉာဏ်ကို ယုံကြည် ၏။ မဟာနာမ် ဤမျှဖြင့် ဥပါသကာသည် ယုံကြည်မှု ‘သဒ္ဓါ’နှင့် ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အဘယ်မျှဖြင့် ဥပါသကာသည် စွန့်ကြဲမှု ‘စာဂ’နှင့် ပြည့်စုံပါသနည်းဟု (လျှောက်၏)။

မဟာနာမ် ဤသာသနာတော်၌ ဥပါသကာသည် ဝန်တိုမှု ‘မစ္ဆေရ’ကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ် စွန့်ကြဲတတ်၏၊ (လှူဒါန်းရန်) ဆေးကြောထားသော လက်ရှိ၏၊ စွန့်ကြဲခြင်း၌ မွေ့လျော်၏၊ ဖုန်းတောင်းယာစကာတို့နှင့် စပ်ယှဉ်၏၊ ပေးကမ်းခြင်းဝေဖန်ခြင်း၌ မွေ့လျော်၏။ မဟာနာမ် ဤမျှဖြင့် ဥပါသကာသည် စွန့်ကြဲမှု ‘စာဂ’နှင့် ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အဘယ်မျှဖြင့် ဥပါသကာသည် ပညာနှင့် ပြည့်စုံပါသနည်းဟု (လျှောက်၏)။ မဟာ နာမ်ဤသာသနာတော်၌ ဥပါသကာသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော ပညာနှင့် ပြည့်စုံ၏၊ ဖောက်ထွင်း၍ သိသော ကောင်းစွာ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ မဟာနာမ် ဤမျှဖြင့် ဥပါသကာသည် ပညာနှင့် ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။