သံယုတ္တနိကာယ်—၅၅

၄—ပုညာဘိသန္ဒဝဂ်

၉—ကာဠိဂေါဓာသုတ်

၁ဝ၃၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကာဠိဂေါဓာမည်သော သာကီဝင်မင်းသမီးအိမ်သို့ ချဉ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၏၊ ထိုအခါ ကာဠိဂေါဓာမည်သော သာကီဝင်မင်းသမီးသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ကာဠိဂေါဓာသာကီဝင်မင်းသမီးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ဂေါဓာ တရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်မသည် ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏၊ အဘယ်လေး ပါးတို့နှင့်နည်း —

ဂေါဓာ ဤသာသနာတော်၌ အရိယာတပည့်မသည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

တရားတော်၌။ပ။ သံဃာတော်၌။ပ။ ဝန်တိုမှု ‘မစ္ဆေရ’အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ် စွန့်ကြဲတတ်၏၊ (လှူဒါန်းရန်) ဆေးကြောထားသော လက်ရှိ၏၊ စွန့်ကြဲခြင်း၌ မွေ့လျော်၏၊ ဖုန်းတောင်းယာစကာတို့နှင့် စပ်ယှဉ်၏၊ ပေးကမ်းဝေဖန်ခြင်း၌ မွေ့လျော်၏။

ဂေါဓာ ဤတရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်မသည် ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော သောတာပန်၏ အင်္ဂါလေးပါးတရားတို့သည်အကျွန်ုပ်၌ ရှိပါကုန်၏၊ အကျွန်ုပ်သည်လည်း ထိုတရားတို့၌ ကောင်းစွာ ထင်မြင်ပါ၏။

အသျှင်ဘုရား “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝ မနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ ၏“ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

တရားတော်၌။ပ။ သံဃာတော်၌။ပ။ အိမ်၌ (ရှိသော) လှူဒါန်းဖွယ်ဟူသမျှ အားလုံးကို သီလရှိကုန်သော ကောင်းသော တရားရှိသူတို့နှင့် မခွဲခြားပါဟု လျှောက်၏။

ဂေါဓာ သင်သည် အရတော်ပေစွ၊ ဂေါဓာ သင်သည် ကောင်းစွာ ရအပ်ပေစွ၊ ဂေါဓာ သောတာပတ္တိဖိုလ်ကို သင် ပြောကြားအပ်ပေပြီဟု (မိန့်တော်မူ၏)။

နဝမသုတ်။