သံယုတ္တနိကာယ်—၅၅

၁—ဝေဠုဒွါရဝဂ်

၄—ပဌမ သာရိပုတ္တသုတ်

၁ဝဝဝ။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့သည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်အာနန္ဒာသည်ညနေ ချမ်းအချိန် တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့ကာ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်အသျှင် သာရိပုတြာအား ဤစကားကို လျှောက်၏— “ငါ့သျှင်သာရိပုတြာ အဘယ်တရားတို့နှင့်ပြည့်စုံခြင်းဟူသောအကြောင်းကြောင့် ဤသတ္တဝါကို မြတ်စွာဘုရားသည် ‘ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေ မြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟုဟောကြားတော်မူပါသနည်း”ဟု (လျှောက်၏)။

ငါ့သျှင် တရားလေးမျိုးတို့နှင့် ပြည့်စုံခြင်းဟူသောအကြောင်းကြောင့် ဤသတ္တဝါကို မြတ်စွာဘုရား့သည် “ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်’ဟု ဟောကြားတော်မူ၏။

အဘယ်လေးမျိုးတို့နည်း၊ ငါ့သျှင် ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုးကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကိုဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။

ငါ့သျှင် ဤတရားလေးမျိုးတို့နှင့် ပြည့်စုံခြင်းဟူသောအကြောင်းကြောင့် ဤသတ္တဝါကို မြတ်စွာဘုရားသည် “ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်”ဟု ဟောကြားတော်မူ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။