သံယုတ္တနိကာယ်—၅၅

၄—ပုညာဘိသန္ဒဝဂ်

၁ဝ—နန္ဒိယသက္ကသုတ်

၁ဝ၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နန္ဒိယသာကီဝင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရားသောတာပန်၏ အင်္ဂါလေးပါးတို့ အချင်းခပ်သိမ်း အခါခပ်သိမ်း မရှိသောအရိယာတပည့်သည်မေ့မေ့လျော့လျော့ နေလေ့ရှိ သူ ဖြစ်ပါသလော”ဟု (လျှောက်၏)။

နန္ဒိယ သောတာပန်၏ အင်္ဂါလေးပါးတို့ အချင်းခပ်သိမ်း အခါခပ်သိမ်း မရှိသော သူကို အပဖြစ်သောပုထုဇဉ်အဖို့၌ တည်သူဟု ငါ ဆို၏၊ နန္ဒိယ စင်စစ်သော်ကား မေ့မေ့လျော့လျော့ နေလေ့ရှိသောအရိယာတပည့်လည်း ရှိ၏၊ မမေ့မလျော့ နေလေ့ရှိသောအရိယာတပည့်လည်း ရှိ၏၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ငါ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရားကောင်းပါပြီ”ဟု နန္ဒိယသာကီဝင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်၏။ မြတ်စွာဘုရားသည်ဤတရားကို ဟော တော်မူ၏—

နန္ဒိယ အဘယ်သို့လျှင် အရိယာတပည့်သည် မေ့မေ့လျော့လျော့ နေလေ့ရှိသနည်း။ နန္ဒိယ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်း ကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည် တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏။

ထိုအရိယာတပည့်သည် မြတ်စွာဘုရား၌ ထိုမတုန်မလှုပ် ကြည်ညိုခြင်းဖြင့် တင်းတိမ်ရောင့်ရဲ၏၊ နေ့၌ဆိတ်ငြိမ်စွာ နေခြင်းအကျိုးငှါလည်းကောင်း၊ ညဉ့်၌ (တစ်ဦးတည်း) ကိန်းအောင်းခြင်းအကျိုးငှါလည်းကောင်း တစ်ဆင့်တက်၍ အားမထုတ်။ ဤသို့ မေ့မေ့လျော့လျော့ နေသော ထိုအရိယာတပည့်အားဝမ်းမြောက်မှု မဖြစ်၊ ဝမ်းမြောက်မှု မဖြစ်လတ်သော် နှစ်သိမ့်မှု ‘ပီတိ’ မဖြစ်၊ နှစ်သိမ့်မှု ‘ပီတိ’ မရှိလတ်သော် ငြိမ်းအေးမှု ‘ပဿဒ္ဓိ’ မဖြစ်၊ ငြိမ်းအေးမှု ‘ပဿဒ္ဓိ’ မရှိလတ်သော် ဆင်းရဲစွာ နေရ၏၊ ဆင်းရဲစွာနေရသူ၏ စိတ်သည် မတည်ကြည်နိုင်၊ စိတ်မတည်ကြည်သည်ရှိသော် (သမထဝိပဿနာ) တရားတို့သည်ထင်စွာ မဖြစ်ကုန်၊ (သမထဝိပဿနာ) တရားတို့ ထင်စွာ မဖြစ်ခြင်းကြောင့် မေ့မေ့လျော့လျော့ နေလေ့ရှိသူဟု ခေါ်ဆိုအပ်၏။

နန္ဒိယ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုး မပေါက်မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် ထိုအရိယာတို့ နှစ်သက်အပ်ကုန်သောသီလတို့ဖြင့် တင်းတိမ် ရောင့်ရဲ၏၊ နေ့၌ ဆိတ်ငြိမ်စွာ နေခြင်းအကျိုးငှါလည်းကောင်း၊ ညဉ့်၌ (တစ်ဦးတည်း) ကိန်းအောင်းခြင်းအကျိုးငှါလည်းကောင်း တစ်ဆင့်တက်၍ အားမထုတ်။ ဤသို့ မေ့မေ့လျော့လျော့နေသော ထိုအရိယာတပည့်အား ဝမ်းမြောက်မှု မဖြစ်၊ ဝမ်းမြောက်မှု မဖြစ်လတ်သော် နှစ်သိမ့်မှု ‘ပီတိ’မဖြစ်၊ နှစ်သိမ့်မှု ‘ပီတိ’ မရှိလတ်သော် ငြိမ်းအေးမှု ‘ပဿဒ္ဓိ’ မဖြစ်၊ ငြိမ်းအေးမှု ‘ပဿဒ္ဓိ’ မရှိလတ်သော်ဆင်းရဲစွာ နေရ၏၊ ဆင်းရဲစွာ နေရသူ၏ စိတ်သည် မတည်ကြည်နိုင်၊ စိတ် မတည်ကြည်သည်ရှိသော် (သမထဝိပဿနာ) တရားတို့သည် ထင်စွာ မဖြစ်ကုန်၊ (သမထဝိပဿနာ) တရားတို့ ထင်စွာ မဖြစ်ခြင်းကြောင့် မေ့မေ့လျော့လျော့ နေလေ့ရှိသူ ဖြစ်၏။

နန္ဒိယ အဘယ်သို့လျှင် အရိယာတပည့်သည် မမေ့မလျော့ နေလေ့ရှိသူ ဖြစ်သနည်း။ နန္ဒိယ့ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

ထိုအရိယာတပည့်သည် မြတ်စွာဘုရား၌ ထိုသို့မတုန်မလှုပ် ကြည်ညိုခြင်းဖြင့် မတင်းတိမ်မရောင့်ရဲ။ နေ့၌ ဆိတ်ငြိမ်စွာ နေခြင်းအကျိုးငှါလည်းကောင်း၊ ညဉ့်၌ (တစ်ဦးတည်း) ကိန်းအောင်းခြင်းအကျိုးငှါလည်းကောင်း တစ်ဆင့်တက်၍ အားထုတ်၏။ ဤသို့ မမေ့မလျော့ နေသောထိုအရိယာတပည့်အား ဝမ်းမြောက် မှု ဖြစ်၏၊ ဝမ်းမြောက်သူအား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော သူသည် ချမ်းသာကိုခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည် ၏၊ စိတ်တည်ကြည်သည်ရှိသော် (သမထဝိပဿနာ) တရားတို့သည် ထင်စွာ ဖြစ်ကုန်၏၊ (သမထ ဝိပဿနာ) တရားတို့ ထင်စွာဖြစ်ခြင်းကြောင့် မမေ့မလျော့ နေလေ့ရှိသူဟု ခေါ်ဆိုအပ်၏။

နန္ဒိယ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုး မပေါက်မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် ထိုအရိယာတို့ နှစ်သက်အပ်ကုန်သောသီလတို့ဖြင့် မတင်းတိမ်မရောင့်ရဲ။ နေ့၌ ဆိတ်ငြိမ်စွာ နေခြင်းအကျိုးငှါလည်းကောင်း၊ ညဉ့်၌ (တစ်ဦးတည်း) ကိန်းအောင်းခြင်းအကျိုးငှါလည်းကောင်း တစ်ဆင့်တက်၍ အားထုတ်၏။ ဤသို့ မမေ့မလျော့နေသော ထိုအရိယာတပည့်အား ဝမ်းမြောက်မှု ဖြစ်၏၊ ဝမ်းမြောက်သူအား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော သူသည် ချမ်းသာကိုခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏၊ စိတ်တည်ကြည်သည်ရှိသော် (သမထဝိပဿနာ) တရားတို့ သည် ထင်စွာ ဖြစ်ကုန်၏၊ (သမထဝိပဿနာ) တရားတို့ ထင်စွာဖြစ်ခြင်းကြောင့် မမေ့မလျော့ နေလေ့ရှိ သူဟု ခေါ်ဆိုအပ်၏။ နန္ဒိယ ဤသို့လျှင် အရိယာတပည့်သည်မမေ့မလျော့ နေလေ့ရှိသူ ဖြစ်၏ဟု (မိန့် တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ပုညာဘိသန္ဒဝဂ် ပြီး၏။