သံယုတ္တနိကာယ်—၅၅

၅—သဂါထကပုညာဘိသန္ဒဝဂ်

၁—ပဌမ အဘိသန္ဒသုတ်

၁ဝ၃၇။ ရဟန်းတို့ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်တို့သည်ဤလေးပါးတို့တည်း၊ အဘယ်လေးပါးတို့နည်း—

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ပဌမ ကောင်းမှုအစု ကုသိုလ်အလျဉ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုးမပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော စတုတ္ထကောင်း မှုအစု ကုသိုလ်အလျဉ်တည်း။

ရဟန်းတို့ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်တို့သည် ဤလေးပါးတို့ပင်တည်း။

ရဟန်းတို့ ဤချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်လေးပါးတို့နှင့်ပြည့်စုံသောအရိယာတပည့်၏ ကောင်းမှုအတိုင်းအရှည်ကို “ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်သည် ဤမျှလောက် ရှိ၏”ဟု ရေတွက်ရန် မလွယ်ကူ၊ စင်စစ်သော်ကား မရေတွက်နိုင်သော မနှိုင်းယှဉ်နိုင်သော ကောင်းမှုအစုကြီးဟူ၍သာ ခေါ်ဆိုရ၏။

ရဟန်းတို့ ဥပမာသော်ကား မဟာသမုဒ္ဒရာ၌ “ဤမျှလောက် ရေကွန်းစား ပမာဏ ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ရေကွန်းစား အရာပမာဏ ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤမျှလောက်ရေကွန်းစား အထောင်ပမာဏ ရှိကုန်၏”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ရေကွန်းစား အသိန်းပမာဏရှိကုန်၏”ဟူ၍လည်းကောင်း ဤသို့ ရေအတိုင်းအရှည်ကို ရေတွက်ရန် မလွယ်ကူ။ စင်စစ်သော်ကား”မရေတွက်နိုင်သော မနှိုင်းယှဉ်နိုင်သော များပြားစွာသော ရေအစု”ဟုသာ ခေါ်ဆိုရ၏။

ရဟန်းတို့ ဤအတူပင် ဤကောင်းမှုအစု ကုသိုလ်အလျဉ် လေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်၏ ကောင်းမှုအတိုင်းအရှည်ကို “ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစုကုသိုလ်အလျဉ် သည် ဤမျှလောက် ရှိ၏”ဟု ရေတွက်ရန် မလွယ်ကူ၊ စင်စစ်သော်ကား”မရေတွက်နိုင်သော မနှိုင်းယှဉ် နိုင်သော ကောင်းမှုအစုကြီး”ဟူ၍သာ ခေါ်ဆိုရ၏ဟု (ဟောတော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူပြီးနောက် ဤဂါထာကို မိန့်တော်မူပြန်၏—

“များစွာ ကြောက်မက်ဖွယ်ကောင်း၍ မတိုင်းတာနိုင်သည့် အိုင်ကြီးဖြစ်သော ရတနာအပေါင်း၏တည်ရာဖြစ်သော မဟာသမုဒ္ဒရာသို့ လူအပေါင်းတို့ မှီဝဲရာ များစွာသော မြစ်တို့သည်စီးဝင်ကပ်ရောက်ကုန်၏။

ရေကို ဆောင်တတ်ကုန်သော မြစ်တို့သည် သမုဒ္ဒရာသို့ ကပ်ရောက်ကုန်သကဲ့သို့ ဤအတူထမင်းအဖျော်အဝတ်တို့ကို ပေးလှူတတ်သော, ကျောင်း အိပ်ရာ နေရာ တို့ကိုလည်းကောင်း၊ အခင်းကိုလည်းကောင်း ပေးလှူတတ်သော ပညာရှိပုဂ္ဂိုလ်သို့ ကောင်းမှုအလျဉ်တို့သည်ကပ်ရောက်ကုန်၏”ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။