သံယုတ္တနိကာယ်—၅၅

၅—သဂါထကပုညာဘိသန္ဒဝဂ်

၃—တတိယ အဘိသန္ဒသုတ်

၁ဝ၃၉။ ရဟန်းတို့ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်တို့သည်ဤလေးပါးတို့တည်း၊ အဘယ်လေးပါးတို့နည်း—

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ပဌမ ကောင်းမှုအစု ကုသိုလ်အလျဉ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၌။ပ။ သံဃာတော်၌။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော ပညာနှင့်ပြည့်စုံ၏၊ ဖောက်ထွင်း၍ သိနိုင်သော ကောင်းစွာ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောမြတ်သော ပညာနှင့် ပြည့်စုံ၏။ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော စတုတ္ထ ကောင်းမှုအစုကုသိုလ်အလျဉ်တည်း။

ရဟန်းတို့ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်တို့သည်ဤလေးပါးတို့ပင်တည်း။

ရဟန်းတို့ ဤကောင်းမှုအစု ကုသိုလ်အလျဉ် လေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်၏ကောင်းမှုအတိုင်းအရှည်ကို “ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်သည် ဤမျှလောက် ရှိ၏”ဟု ရေတွက်ရန် မလွယ်ကူ၊ စင်စစ်သော်ကား “မရေတွက်နိုင်သော မနှိုင်းယှဉ်နိုင်သောကောင်းမှုအစုကြီး”ဟူ၍သာ ခေါ်ဆိုရ၏ဟု (ဟောတော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူပြီးနောက် ဤဂါထာကို မိန့်တော်မူပြန်၏—

“ကောင်းမှုကို လိုလားသူသည် မဂ်ကုသိုလ်၌ တည်၍ အမြိုက်နိဗ္ဗာန်သို့ ရောက် ခြင်းအကျိုးငှါအရဟတ္တမဂ်ကို ပွါးများ၏၊ တရားအနှစ် အရဟတ္တဖိုလ်ကို ရသည် ဖြစ်၍ ကိလေသာကုန်ရာ နိဗ္ဗာန်၌မွေ့လျော်သော သူသည် သေမင်း လာခြင်း တည်းဟူသောအကြောင်းကြောင့် မတုန်မလှုပ်တော့ပေ”ဟု (မိန့်တော်မူ၏)။

တတိယသုတ်။