သံယုတ္တနိကာယ်—၅၅

၆—သပ္ပညဝဂ်

၁—သဂါထကသုတ်

၁ဝ၄၇။ ရဟန်းတို့ တရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏၊ အဘယ်လေးပါးတို့နှင့်နည်း—

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤတရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူပြီးနောက် ဤဂါထာကို မိန့်တော်မူပြန်၏ —

“အကြင်သူအား မြတ်စွာဘုရား၌ မတုန်မလှုပ် ကောင်းစွာ တည်သော ယုံကြည်မှု ‘သဒ္ဓါ’ လည်း ရှိ၏၊ ကောင်းသောအရိယာတို့ နှစ်သက်သော ချီးမွမ်းထိုက်သော သီလလည်း ရှိ၏။

သံဃာတော်၌ ကြည်ညိုခြင်းလည်း ရှိ၏၊ ဖြောင့်မတ်သောအမြင်လည်း ရှိ၏၊ ထို သူ့ကို သူဆင်းရဲမဟုတ်ဟု ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းသည် အချည်းနှီး မဖြစ်။

ထို့ကြောင့် ယုံကြည်မှု ‘သဒ္ဓါ’ ကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ကြည်ညို ခြင်းကိုလည်းကောင်း၊ တရားတော်ကို ရှုမြင်ခြင်းကိုလည်းကောင်း မြတ်စွာဘုရား၏ အဆုံးအမတော်ကို အောက်မေ့သောပညာရှိသည် အဖန်တလဲလဲ အားထုတ်ရာ ၏“ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။