သံယုတ္တနိကာယ်—၅၅

၆—သပ္ပညဝဂ်

၂—ဝဿံဝုတ္ထသုတ်

၁ဝ၄၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိပြည်၌ ဝါကျွတ်ခဲ့၍တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ကပိလဝတ်ပြည်သို့ ရောက်လာ၏၊ “ရဟန်းတစ်ပါးသည် သာဝတ္ထိပြည်၌ဝါကျွတ်ခဲ့၍ ကပိလဝတ်ပြည်သို့ ရောက်လာသတတ်”ဟု ကပိလဝတ်ပြည်သား သာကီဝင်တို့သည် ကြားကုန်၏။

ထိုအခါ ကပိလဝတ်ပြည်သား သာကီဝင်တို့သည် ထိုရဟန်းထံသို့ ချဉ်းကပ်ကုန်၍ ထိုရဟန်းကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် ထိုရဟန်းအား “အသျှင်ဘုရား မြတ်စွာဘုရား ကျန်းမာတော်မူပါ၏လော၊ အားရှိတော်မူပါ၏လော”ဟု (လျှောက်ကုန်၏)။ ဒါယကာတို့ မြတ်စွာဘုရားသည် ကျန်းမာတော်မူပါ၏၊ အားရှိတော်မူပါ၏။ အသျှင်ဘုရား အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည့်လည်း ကျန်းမာတော်မူပါ၏လော၊ အားရှိတော်မူပါ၏လော။ ဒါယကာတို့ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည်လည်း ကျန်းမာပါကုန်၏၊ အားရှိပါကုန်၏။ အသျှင်ဘုရား ရဟန်းသံဃာသည်လည်း ကျန်းမာတော်မူပါ၏လော၊ အားရှိတော်မူပါ၏လော။ ဒါယကာတို့ ရဟန်းသံဃာသည်လည်း ကျန်းမာပါ၏၊ အားရှိပါ၏။ အသျှင်ဘုရား အသျှင်သည် ဤဝါတွင်း၌ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ နာကြားသင်ယူခဲ့သော တရားတော်တစ်စုံတစ်ခု ရှိပါသလော။ ဒါယကာတို့ ငါသည် မြတ်စွာဘုရား၏ အထံတော်မှ ဤဆိုလတ္တံ့သော တရားကို နာကြားသင်ယူခဲ့ရ၏ —

“ရဟန်းတို့ အာသဝကုန်ခြင်းကြောင့် အာသဝကင်း၍ (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ရောက်၍ နေကုန်သော ရဟန်းတို့သည် နည်းကုန်၏၊ စင်စစ်အားဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်းသဘော မရှိဘဲ ဗြဟ္မာ့ဘုံ၌ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ရဟန်းတို့သာ ပို၍ များကုန်၏”ဟူသော တရားတော်ကို နာကြားသင်ယူခဲ့ရ၏။

ဒါယကာတို့ ထို့ပြင်လည်း “ရဟန်းတို့ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ ဘုံမှပြန်လည်ခြင်းသဘော မရှိဘဲ ဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ရဟန်းတို့သည် နည်းကုန်၏၊ စင်စစ်အားဖြင့် သံယောဇဉ်သုံးပါးတို့ ကုန်သည့်ပြင် စွဲမက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’တို့ ခေါင်းပါးခြင်းကြောင့် တစ်ကြိမ်သာ ဤကာမဘုံသို့ လာ၍ ဆင်းရဲ၏ အဆုံးကို ပြုကြမည့်သကဒါဂါမ်ရဟန်းတို့သာ ပို၍ များကုန်၏”ဟူသော တရားတော်ကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှနာကြားသင်ယူခဲ့ရ၏။

ဒါယကာတို့ ထို့ပြင်လည်း “ရဟန်းတို့ သံယောဇဉ်သုံးပါးတို့ ကုန်သည့်ပြင် စွဲမက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’တို့ ခေါင်းပါးခြင်းကြောင့် တစ်ကြိမ်သာ ဤကာမဘုံသို့ လာ၍ဆင်းရဲ၏ အဆုံးကို ပြုကြမည့် သကဒါဂါမ်ရဟန်းတို့သည် နည်းကုန်၏၊ စင်စစ်အားဖြင့်သံယောဇဉ်သုံးပါးတို့ ကုန် ခြင်းကြောင့် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်း ရာရှိသော သောတာပန်ရဟန်းတို့သာ ပို၍ များကုန်၏”ဟူသောဤတရားကိုလည်း ငါသည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ နာကြားသင်ယူခဲ့ရ၏ဟု (မိန့်ဆိုလေ၏)။

ဒုတိယသုတ်။