သံယုတ္တနိကာယ်—၅၅

၆—သပ္ပညဝဂ်

၃—ဓမ္မဒိန္နသုတ်

၁ဝ၄၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသိီပြည် ဣသိပတနမိဂဒါဝုန်တော၌ (သီတင်း သုံး) နေတော်မူ၏၊ ထိုအခါ ဓမ္မဒိန္နဥပါသကာသည် ဥပါသကာငါးရာတို့နှင့် အတူ မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —“အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို သွန်သင်တော်မူပါ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ဆုံးမတော်မူပါ၊ ယင်းသို့ သွန်သင်ဆုံးမခြင်းသည် အကျွန်ုပ်တို့အား ကြာရှည်စွာသော ကာလပတ်လုံး အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏”ဟု (လျှောက်၏)။

ဓမ္မဒိန္န သို့ဖြစ်လျှင် သင်သည် ဤသို့ ကျင့်ရမည် “နက်နဲကုန်သော နက်နဲသောအနက်ရှိကုန်သောလောကမှ လွန်မြောက်ကြောင်းဖြစ်ကုန်သော ဆိတ်သုဉ်းမှု ‘သုညတ’နှင့် စပ်ကုန်သော ဘုရားဟော သုတ္တန်တို့ကို အခါခပ်သိမ်း ရရောက်၍ နေကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော နေရာ၌ နေကြရကုန်သော ကာသိတိုင်းထွက် စန္ဒကူးကို အစဉ်သုံးဆောင်ကုန်သော ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းကို ဆောင်ကုန်သောရွှေငွေကို သာယာကုန်သော တပည့်တို့သည် နက်နဲကုန်သော နက်နဲသောအနက်ရှိကုန်သော လောကမှလွန်မြောက်ကြောင်းဖြစ်ကုန်သော ဆိတ်သုဉ်းမှု ‘သုညတ’နှင့် စပ်ကုန်သော ဘုရားဟော သုတ္တန်တို့ကို အခါခပ်သိမ်း ရရောက်၍ နေခြင်းငှါ မလွယ်ပါ၊ အသျှင်ဘုရား သိက္ခာပုဒ်ငါးပါးတို့၌ တည်ကြသော တပည့်တော်တို့အား မြတ်စွာဘုရားသည် အထက်ဖြစ်သော တရားကို ဟောတော်မူပါဟု (လျှောက်၏)။

ဓမ္မဒိန္န သို့ဖြစ်လျှင် သင်သည် ဤသို့ ကျင့်ရမည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော ထိုသောတာပန် အင်္ဂါလေးပါးတို့သည်အကျွန်ုပ်တို့၌ ရှိပါကုန်၏၊ အကျွန်ုပ်တို့သည်လည်း ထိုတရားတို့၌ ကောင်းစွာ ထင်ပါကုန်၏။ အသျှင်ဘုရား “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည် တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည် တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ် စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံပါကုန်၏ဟုလျှောက်၏။

ဓမ္မဒိန္န သင် အရတော်ပေစွ၊ ဓမ္မဒိန္န သင် ကောင်းစွာ ရအပ်ပေစွ၊ သင်တို့သည် သောတာပတ္တိဖိုလ် ကိုပြောကြားအပ်ပြီဟု (မိန့်တော်မူ၏)။

တတိယသုတ်။ ့