သံယုတ္တနိကာယ်—၅၅

၆—သပ္ပညဝဂ်

၄—ဂိလာနသုတ်

၁ဝ၅ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ “မြတ်စွာဘုရားသည် ဝါတွင်းသုံးလလွန်၍ သင်္ကန်းကိစ္စပြီးသောအခါဒေသစာရီကြွတော်မူလတ္တံ့”ဟု များစွာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ သင်္ကန်းကို ချုပ်ဆိုးကြကုန်၏၊ “မြတ်စွာဘုရားသည် ဝါတွင်းသုံးလလွန်၍ သင်္ကန်းကိစ္စပြီးသောအခါ ဒေသစာရီကြွတော်မူလတ္တံ့”ဟုများစွာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ သင်္ကန်းကို ချုပ်ဆိုးကြကုန်သတတ်ဟု မဟာနာမ်သာကီဝင်သည် ကြားလေ၏။

ထိုအခါ မဟာနာမ်သာကီဝင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား ‘မြတ်စွာဘုရားသည် ဝါတွင်းသုံးလ လွန်၍ သင်္ကန်းကိစ္စပြီးသောအခါ ဒေသစာရီကြွတော်မူလတ္တံ့’ဟုများစွာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ သင်္ကန်းကို ချုပ်ဆိုးကြကုန်သတတ်ဟု ဤသတင်းကိုအကျွန်ုပ် ကြားရပါသည်။

အသျှင်ဘုရား ‘ပညာနှင့် ပြည့်စုံသော ဥပါသကာသည် အနာရောဂါ နှိပ်စက်ခံနေရသော၊ ဆင်းရဲခြင်းသို့ ရောက်နေသော၊ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေသော၊ ပညာနှင့် ပြည့်စုံသော ဥပါသကာကိုဆုံးမထိုက်၏’ဟူသော ဤစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ မကြားရဖူးပါ၊ မနာယူရဖူးပါဟု (လျှောက်၏)။

မဟာနာမ် ပညာနှင့် ပြည့်စုံသော ဥပါသကာသည် အနာရောဂါ နှိပ်စက်ခံနေရသော၊ ဆင်းရဲခြင်းသို့ရောက်နေသော၊ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေသော၊ ပညာနှင့် ပြည့်စုံသော ဥပါသကာကို သက်သာရာရစေသော တရားလေးပါးတို့ဖြင့် သက်သာစေရမည်—

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းသည် အသျှင့်မှာ ရှိ၏၊ အသျှင်သည် နှစ်သိမ့်ပါလော့။

တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းသည်) အသျှင့်မှာ ရှိ၏၊ အသျှင် သည်နှစ်သိမ့်ပါလော့။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့သည် အသျှင့်မှာ ရှိ၏၊ အသျှင်သည် နှစ်သိမ့်ပါလော့။

မဟာနာမ် ပညာနှင့် ပြည့်စုံသော ဥပါသကာသည် အနာရောဂါ နှိပ်စက်ခံနေရသော၊ ဆင်းရဲခြင်းသို့ရောက်နေသော၊ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေသော၊ ပညာနှင့် ပြည့်စုံသော ဥပါသကာကို ဤသက်သာရာ ရစေတတ်သော တရားလေးပါးတို့ဖြင့် သက်သာစေပြီးလျှင် “မိဘတို့၌ ငဲ့ကွက်ခြင်းသည် အသျှင့်မှာ ရှိသလော”ဟု ဤသို့ ပြောဆိုရာ၏၊ “မိဘတို့၌ ငဲ့ကွက်ခြင်းသည် အကျွန်ုပ်မှာ ရှိပါ၏”ဟုအကယ်၍ ပြောဆိုခဲ့မူ “အသျှင်သည် သေခြင်းနှင့် စပ်၏၊ သေခြင်းသဘောရှိ၏၊ အသျှင်သည် မိဘတို့၌ငဲ့ကွက်ခြင်း ကို ပြုစေကာမူ သေရမည်သာတည်း၊ အသျှင်သည် မိဘတို့၌ ငဲ့ကွက်ခြင်းကို မပြုစေကာမူသေရမည်သာ တည်း၊ တောင်းပန်ပါ၏၊ မိဘတို့၌ ငဲ့ကွက်ခြင်းကို အသျှင် စွန့်လွှတ်ပါ”ဟု ထိုသူ့ကိုဤသို့ ပြောဆိုရာ ၏။

“မိဘတို့၌ ငါ၏ ငဲ့ကွက်ခြင်းကို စွန့်ပါပြီ”ဟု ဤသို့ ပြောဆိုခဲ့မူ “သားမယားတို့၌ ငဲ့ကွက်ခြင်းသည်အသျှင့်မှာ ရှိပါသလော”ဟု ထိုသူ့ကို ဤသို့ ပြောဆိုရာ၏၊ “သားမယားတို့၌ ငဲ့ကွက်ခြင်းသည်အကျွန်ုပ်မှာ ရှိပါ၏”ဟု ဤသို့ ပြောဆိုခဲ့မူ “အသျှင်သည် သေခြင်းနှင့် စပ်၏၊ သေခြင်းသဘောရှိ၏၊ အသျှင်သည် သားမယားတို့၌ ငဲ့ကွက်ခြင်းကို ပြုစေကာမူ သေရမည်သာတည်း၊ အသျှင်သည် သားမယားတို့၌ ငဲ့ကွက်ခြင်းကို မပြုစေကာမူ သေရမည်သာတည်း၊ တောင်းပန်ပါ၏၊ သားမယားတို့၌ ငဲ့ကွက်ခြင်းကိုအသျှင် စွန့်လွှတ်ပါ”ဟု ထိုသူ့ကို ဤသို့ ပြောဆိုရာ၏။

“သားမယားတို့၌ ငဲ့ကွက်ခြင်းကို စွန့်ပါပြီ”ဟု ဤသို့ ပြောဆိုခဲ့မူ “လူတို့၌ ဖြစ်သော ကာမဂုဏ်ငါးပါးတို့၌ ငဲ့ကွက်ခြင်းသည် အသျှင့်မှာ ရှိပါသလော”ဟု ဤသို့ ပြောဆိုရာ၏၊ “လူတို့၌ ဖြစ်သောကာမ ဂုဏ်ငါးပါးတို့၌ ငဲ့ကွက်ခြင်းသည် အကျွန်ုပ်မှာ ရှိပါ၏”ဟု ဤသို့ ပြောဆိုခဲ့မူ “အသျှင် လူတို့၌ဖြစ်သော ကာမဂုဏ်ငါးပါးတို့ထက် နတ်၌ ဖြစ်သော ကာမဂုဏ်တို့သည် ပို၍ နှစ်သက်ဖွယ်လည်းရှိကုန်၏၊ ပို၍ လည်း မြတ်ကုန်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် လူတို့၌ ဖြစ်သောကာမဂုဏ်ငါးပါးတို့မှ စိတ်ကို ထစေ၍ စာတုမဟာရာဇ်နတ်တို့၌ စိတ်ကို ထားပါ”ဟု ထိုသူ့ကို ဤသို့ပြောဆိုရာ၏။

“လူတို့၌ ဖြစ်သော ကာမဂုဏ်ငါးပါးတို့မှ ငါ၏ စိတ်ကို ထစေခဲ့ပြီ၊ စာတုမဟာရာဇ်နတ်တို့၌ စိတ်ကိုထားပြီးပြီ”ဟု ထိုသူသည် ဤသို့ ပြောဆိုခဲ့မူ “အသျှင် စာတုမဟာရာဇ်နတ်တို့ထက် တာဝတိံသာနတ်တို့သည် ပို၍ နှစ်သက်ဖွယ်လည်း ရှိကုန်၏၊ ပို၍လည်း မြတ်ကုန်၏၊ တောင်းပန်ပါ၏၊ အသျှင်သည်စာတုမဟာရာဇ်နတ်တို့မှ စိတ်ကို ထစေ၍ တာဝတိံသာနတ်တို့၌ စိတ်ကို ထားပါ”ဟု ထိုသူ့ကို ဤသို့ပြောဆိုရာ၏။ “စာတုမဟာရာဇ်နတ်တို့မှ ငါ၏ စိတ်ကို ထစေခဲ့ပြီ၊ တာဝတိံသာနတ်တို့၌ စိတ်ကို့ထားပြီး ပြီ”ဟု ထိုသူသည် ဤသို့ ပြောဆိုခဲ့မူ “အသျှင် တာဝတိံသာနတ်တို့ထက်ယာမာနတ်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတီနတ်တို့သည်။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။ အသျှင် ပရနိမ္မိတ ဝသဝတ္တီနတ်တို့ထက် ဗြဟ္မာ့ဘုံသည် ပို၍နှစ်သက်ဖွယ်လည်း ရှိ၏၊ ပို၍လည်း မြတ်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ပရနိမ္မိတဝသဝတ္တီနတ်တို့မှစိတ်ကို ထစေ၍ ဗြဟ္မာ့ဘုံ၌ စိတ်ကို ထားပါ”ဟု ထိုသူ့ကို ဤသို့ ပြောဆိုရာ၏။

“ပရနိမ္မိတဝသဝတ္တီနတ်တို့မှ ငါ၏ စိတ်ကို ထစေခဲ့ပြီ၊ ဗြဟ္မာ့ဘုံ၌ စိတ်ကို ထားပြီးပြီ”ဟု ဤသို့ပြောဆိုခဲ့မူ “အသျှင် ဗြဟ္မာ့ဘုံသည်လည်း မမြဲပါ၊ မခိုင်မြဲပါ၊ သက္ကာယ၌ အကျုံးဝင်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ဗြဟ္မာ့ဘုံမှ စိတ်ကို ထစေ၍ သက္ကာယ (ထင်ရှားရှိသော ခန္ဓာ) ၏ ချုပ်ရာ၌ စိတ်ကိုဆောင်ပါ လော့”ဟု ဤသို့ ပြောဆိုရာ၏။

“ဗြဟ္မာ့ဘုံမှ ငါ၏ စိတ်ကို ထစေခဲ့ပြီ၊ သက္ကာယ၏ ချုပ်ရာ၌ စိတ်ကို ဆောင်ပါ၏”ဟု ဤသို့ ပြောဆိုခဲ့မူ “မဟာနာမ် ဤသို့ လွတ်မြောက်သော စိတ်ရှိသော ဥပါသကာအား အာသဝမှ လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းနှင့် အရဟတ္တဖိုလ်စိတ်အားဖြင့် ထူးခြားမှု တစ်စုံတစ်ရာ မရှိ”ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။