သံယုတ္တနိကာယ်—၅၅

၁—ဝေဠုဒွါရဝဂ်

၆—ထပတိသုတ်

၁ဝဝ၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ “ဝါတွင်းသုံးလ လွန်၍ သင်္ကန်းကိစ္စ ပြီးသောအခါ မြတ်စွာဘုရားသည် ဒေသစာရီ ကြွတော်မူလတ္တံ့”ဟု များစွာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ သင်္ကန်းကို ချုပ်ဆိုးကြကုန်၏။ ထိုအခါ ဣသိဒတ္တနှင့် ပုရာဏမည်သော လက်သမားတို့သည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သာဓုကရွာ၌ နေကုန်၏၊ “ဝါတွင်းသုံးလ လွန်၍ သင်္ကန်းကိစ္စ ပြီးသောအခါ မြတ်စွာဘုရားသည်ဒေသစာရီ ကြွတော်မူလတ္တံ့”ဟု များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကို ပြုလုပ်ကုန်သတဲ့ဟု ဣသိဒတ္တနှင့် ပုရာဏမည်သော လက်သမားတို့ ကြားကုန်၏။

ထိုအခါ ဣသိဒတ္တနှင့် ပုရာဏလက်သမားတို့သည် ယောကျာ်းတစ်ယောက်ကို “အချင်းယောကျာ်းသင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ကြွလာတော်မူသည်ကို မြင်သောအခါ ငါတို့အား ပြောကြားလှည့်လော့”ဟုမှာထား၍ လမ်း၌ (အစောင့်) ထားကုန်၏၊ စောင့်နေသော ထိုယောကျာ်းသည် နှစ်ရက်သုံးရက်ရှိသောအခါ မြတ်စွာဘုရား အဝေးမှ ကြွလာသည်ကို မြင်ရ၍ ဣသိဒတ္တနှင့် ပုရာဏလက်သမားတို့ထံသို့ချဉ်းကပ်ပြီးလျှင် “အသျှင်တို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ သော ဤမြတ်စွာဘုရားသည် ကြွလာတော်မူ၏၊ ယခု သွားရန် အချိန်ကိုသိပါကုန်၏၊ (သွားရန်မှာ အသျှင် တို့၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု ပြောလေ၏။

ဣသိဒတ္တနှင့် ပုရာဏလက်သမားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကိုရှိခိုးလျက် မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် လမ်းမှဖဲခွါခဲ့၍ သစ်ပင်တစ်ပင်ရင်းသို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏၊ ဣသိဒတ္တနှင့် ပုရာဏလက်သမားတို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏—

အသျှင်ဘုရား “မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ကောသလတိုင်းအတွင်းရှိ ဇနပုဒ်တို့သိ်ု့ ဒေသ စာရီကြွတော်မူလတ္တံ့”ဟု တပည့်တော်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးတော့မည်”ဟု အကျွန်ုပ်တို့အား မနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည်သာဝတ္ထိပြည်မှ ကောသလတိုင်းအတွင်းရှိ ဇနပုဒ်တို့သိ်ု့ ဒေသစာရီ ကြွတော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးခဲ့ပြီ”ဟု တပည့်တော်တို့အား မနှစ်လို့ခြင်းနှလုံးမသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် ကောသလတိုင်းမှ မလ္လတိုင်းသို့ ဒေသစာရီ ကြွတော်မူလတ္တံ့”ဟုအကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးတော့မည်”ဟု အကျွန်ုပ်တို့အားမနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် ကောသလတိုင်းမှ မလ္လတိုင်းသို့ ဒေသစာရီ ကြွတော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့်ဝေးခဲ့ပြီ”ဟု အကျွန်ုပ်တို့အား မနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် မလ္လတိုင်းမှ ဝဇ္ဇီတိုင်းသို့ ဒေသစာရီ ကြွတော်မူလတ္တံ့”ဟုအကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးတော့မည်”ဟု အကျွန်ုပ်တို့အား မနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် မလ္လတိုင်းမှ ဝဇ္ဇီတိုင်းသို့ ဒေသစာရီ ကြွတော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးခဲ့ပြီ”ဟုအကျွန်ုပ်တို့အား မနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်းမှ ကာသိတိုင်းသို့ ဒေသစာရီ ကြွတော်မူလတ္တံ့”ဟုအကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးတော့မည်”ဟု အကျွန်ုပ်တို့အား မနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်းမှ ကာသိတိုင်းသို့ ဒေသစာရီ ကြွတော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးခဲ့ပြီ”ဟုတပည့်တော်တို့အား မနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် ကာသိတိုင်းမှ မဂဓတိုင်းသို့ ဒေသစာရီ ကြွတော်မူလတ့္တံ”ဟုအကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးတော့မည်”ဟု အကျွန်ုပ်တို့အား မနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် ကာသိတိုင်းမှ မဂဓတိုင်းသို့ဒေသစာရီ ကြွတော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးခဲ့ပြီ”ဟုအကျွန်ုပ်တို့အား မနှစ်လို့ခြင်း နှလုံးမသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် မဂဓတိုင်းမှ ကာသိတိုင်းသို့ ဒေသစာရီ ကြွတော်မူလတ္တံ့”ဟုအကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးတော့မည်”ဟု အကျွန်ုပ်တို့အား နှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် မဂဓတိုင်းမှ ကာသိတိုင်းသို့ ဒေသစာရီကြွတော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးလေပြီ”ဟုအကျွန်ုပ်တို့ အား နှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် ကာသိတိုင်းမှ ဝဇ္ဇီတိုင်းသို့ ဒေသစာရီ ကြွတော်မူလတ္တံ့”ဟုအကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးတော့မည်”ဟု အကျွန်ုပ်တို့အား နှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် ကာသိတိုင်းမှ ဝဇ္ဇီတိုင်းသို့ ဒေသစာရီကြွတော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးလေပြီ”ဟုအကျွန်ုပ်တို့ အား နှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်းမှ မလ္လတိုင်းသို့ ဒေသစာရီ ကြွတော်မူလတ္တံ”ဟုအကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးတော့မည်”ဟု အကျွန်ုပ်တို့အား နှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်းမှ မလ္လတိုင်းသို့ ဒေသစာရီကြွ တော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးလေပြီ”ဟုအကျွန်ုပ်တို့ အား နှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် မလ္လတိုင်းမှ ကောသလတိုင်းသို့ ဒေသစာရီ ကြွတော်မူလတ္တံ့”ဟုအကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးတော့မည်”ဟု အကျွန်ုပ်တို့အားနှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် မလ္လတိုင်းမှ ကောသလတိုင်းသို့ဒေသစာရီ ကြွတော်မူ၏”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးလေပြီ”ဟုအကျွန်ုပ်တို့အား နှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။

အသျှင်ဘုရား “မြတ်စွာဘုရားသည် ကောသလတိုင်းအတွင်းရှိ ဇနပုဒ်မှ သာဝတ္ထိပြည်သို့ ဒေသစာရီကြွတော်မူလတ္တံ့”ဟု အကျွန်ုပ်တို့ ကြားရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးတော့မည်”ဟုအကျွန်ုပ်တို့အား နှစ်လို့ခြင်း ဝမ်းသာခြင်း ဖြစ်ပါ၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏”ဟု အကျွန်ုပ်တို့ကြား ရသောအခါ “မြတ်စွာဘုရားသည် ငါတို့နှင့် နီးလေပြီ”ဟု အကျွန်ုပ်တို့အား များစွာ နှစ်လို့ခြင်းဝမ်းသာ ခြင်း ဖြစ်ပါ၏ဟု (လျှောက်ကုန်၏)။

လက်သမားတို့ ထို့ကြောင့်ပင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေခြင်းသည် ကျဉ်းမြောင်း၏၊ ကိလေသာမြူ ထရာ ခရီးနှင့် တူ၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လက်သမားတို့ သင်တို့သည်မမေ့လျော့ခြင်းငှါ သင့်လျော်သည်သာတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤကျဉ်းမြောင်းခြင်းထက်ပို၍လည်း ကျဉ်းမြောင်းသော ပို၍ ကျဉ်းမြောင်းသည်ဟုလည်း ဆိုအပ်သော ကျဉ်းမြောင်းခြင်းတစ်မျိုးရှိပါသေး၏ဟု (လျှောက်ကုန်၏)။ လက်သမားတို ့ ဤကျဉ်းမြောင်းခြင်းထက် ပို၍လည်းကျဉ်းမြောင်းသော ပို၍ ကျဉ်းမြောင်းသည်ဟုလည်း ဆိုအပ်သော ကျဉ်းမြောင်းခြင်း တစ်မျိုးဟူသည်အဘယ်နည်းဟု (မိန့် တော်မူ၏)။

အသျှင်ဘုရား တပည့်တော်တို့သည် ပသေနဒီကောသလမင်း ဥယျာဉ်တော်သို့ ထွက်သွားလိုသောအခါပသေနဒီကောသလမင်း၏ စီးတော်ဆင်တို့ကို တန်ဆာဆင်ပြီး၍ ပသေနဒီကောသလမင်း၏ ချစ်ခင် ဖွယ်နှစ်သက်ဖွယ်ရှိကုန်သော မိဖုရားတို့ကို ရှေ့တစ်ယောက် နောက်တစ်ယောက် ထိုင်စေကုန်၏၊ အသျှင်ဘုရား ထိုမိဖုရားတို့၏ အနံ့သည် နံ့သာကြုတ်မှ ဖွင့်ထုတ်ခါစ နံ့သာဖြင့် လိမ်းခြယ်ကုန်သော မင်းသမီးငယ်တို့၏ အနံ့ကဲ့သို့ ဖြစ်ပါ၏၊ အသျှင်ဘုရား ထိုမိဖုရားတို့၏ ကိုယ်အတွေ့သည် ချမ်းသာစွာ ကြီးပြင်းလာကုန်သော မင်းသမီးငယ်တို့၏ လဲစိုင်ဝါဂွမ်းစိုင်နှင့် တူသော ကိုယ်အတွေ့ကဲ့သို့ ဖြစ်ပါ၏၊ အသျှင်ဘုရား ထိုအခါ၌ ဆင်ကိုလည်း စောင့်ရှောက်ရပါ၏၊ ထိုမိဖုရားတို့ကိုလည်း စောင့်ရှောက်ရပါကုန်၏၊ မိမိကိုယ်ကိုလည်း စောင့်ရှောက်ရပါ၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် ထိုမိဖုရားတို့ အပေါ်၌ စိတ်ယုတ်စိတ်ညံ့ ဖြစ်စေဖူးသည်ကို မသိစဖူးပါ။ အသျှင်ဘုရား ဤအဖြစ်သည် ထိုမြတ်စွာဘုရား မိန့်တော်မူသော ကျဉ်းမြောင်းခြင်းထက် ပို၍လည်း ကျဉ်းမြောင်းသော ပို၍ ကျဉ်းမြောင်းသည်ဟုလည်း ဆိုအပ်သောကျဉ်း မြောင်းခြင်းတစ်မျိုး ဖြစ်ပါ၏ဟု (လျှောက်ကုန်၏)။

လက်သမားတို့ ထို့ကြောင့်ပင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေခြင်းသည် ကျဉ်းမြောင်း၏၊ ကိလေသာ မြူထရာ ခရီးနှင့် တူ၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လက်သမားတို့ သင်တို့သည်မမေ့လျော့ခြင်းငှါ သင့်လျော်သည်သာတည်း။ လက်သမားတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏။

အဘယ်လေးပါးတို့နှင့်နည်း၊ လက်သမားတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။

နတ် လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာ လေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီး တော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌မတုန်မလှုပ် ကြည်ညို ခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ဝန်တိုမ ှု ‘မစ္ဆေရ’ အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌ ဦးစီးကာနေ၏၊ လွတ်လွတ် စွန့်ကြဲတတ်၏၊ (လှူ ဒါန်းရန်) ဆေးကြောထားသော လက်ရှိ၏၊ စွန့်ကြဲခြင်း၌မွေ့လျော်၏၊ ဖုန်းတောင်းယာစကာတို့နှင့် စပ် ယှဉ်၏၊ ပေးကမ်းခြင်း ဝေခြမ်းခြင်း၌ မွေ့လျော်၏။

လက်သမားတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏။

လက်သမားတို့ သင်တို့သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအ့ကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော် မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။

သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။ အိမ်၌ ရှိသော လှူဖွယ်ဝတ္ထုဟူသမျှအားလုံးကို သီလရှိကုန် သော ကောင်းသော သဘောရှိကုန်သော ပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်။ လက်သမားတို့ ထိုအရာကို အဘယ် သို့ မှတ်ထင်ကုန်သနည်း၊ ပေးကမ်းခြင်း ဝေခြမ်းခြင်း၌ သင်တို့နှင့်တူမျှကုန်သော လူတို့သည် ကောသလ တိုင်း၌ အဘယ်မျှ ရှိကုန်အံ့နည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်တို့အား အရတော်ပေစွ၊ အသျှင်ဘုရား အကျွန်ုပ်တို့အား ကောင်းစွာ ရအပ်ပေစွ၊ မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ အကြောင်းကို သိတော်မူ၏ဟု လျှောက်ကုန်၏။

ဆဋ္ဌသုတ်။