သံယုတ္တနိကာယ်—၅၅

၁—ဝေဠုဒွါရဝဂ်

၇—ဝေဠုဒွါရေယျသုတ်

၁ဝဝ၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသောရဟန်းသံဃာနှင့် အတူ ကောသလတိုင်း၌ ဒေသစာရီ ကြွတော်မူသည်ရှိသော် ကောသလတိုင်းတို့၌ဝေဠုဒွါရ မည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူ၏။ ထိုဝေဠုဒွါရရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် (ဤသို့) ကြားသိကုန်၏—“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသားရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့် အတူ ကောသလတိုင်းတို့၌ ဒေသစာရီလှည့်လည်တော်မူရာ ဝေဠုဒွါရရွာ သို့ ရောက်လာ၏”ဟု ကြားကုန်၏။

ထိုအသျှင်ဂေါတမ၏ ကျော်စောသတင်းသည် ဤသို့ ပြန့်နှံ့၍ ထွက်၏—“မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏၊ (အလုံးစုံသောတရား တို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူပါပေ၏၊ အသိ ဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော် မူပါပေ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူပါ ပေ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူ ကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသဒမ္မသာရထိ’ မည်တော်မူပါပေ၏၊ နတ်တို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည် တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု ပြန့် နှံ့၍ ထွက်၏။

“ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကိုဟောတော်မူ၏၊ အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြင်ရခြင်းသည်ကောင်းသည်သာတည်း”ဟု ကြားသိလေကုန်၏။

ထို့နောက် ထိုဝေဠုဒွါရရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍့အချို့သော သူတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် နှုတ်ဆက်စကားကို ပြောဆိုပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ အချို့တို့သည် မြတ်စွာဘုရား၏ အနီး၌ အမည်အနွယ်ကို လျှောက်ကြား၍တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ အချို့တို့သည် တစ်ခုသော နေရာ၌ ဆိတ်ဆိတ် ထိုင်နေကုန်၏။

ထိုဝေဠုဒွါရရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် တစ်ခုသောနေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဤသို့သောအလို ‘ဆန္ဒ’,အဓိပ္ပါယ်ရှိကုန်သည် ဖြစ်၍ သားမယားတို့ဖြင့် ကျဉ်းမြောင်းသောအိမ်ရာ၌ နေလိုကြပါကုန်၏၊ ကာသိတိုင်းထွက် စန္ဒကူးကို သုံးဆောင်ခံစားလိုကြပါကုန်၏၊ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်း လိမ်းခြင်းကို ပြုလိုကြပါကုန်၏၊ ရွှေငွေကို လက်ခံသာယာလိုကြပါကုန်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့၏ လားရောက်ရာ နတ်ပြည်သို့ ရောက်လိုကြပါကုန်၏။ အသျှင်ဂေါတမသည် ဤသို့ အလို ‘ဆန္ဒ’, အဓိပ္ပါယ်ရှိကုန်သော ထိုအကျွန်ုပ်တို့အား အလိုအတိုင်းဖြစ်နိုင်ရောက်နိုင်လောက်သောအခြင်းအရာအားဖြင့် တရားကို ဟောတော်မူပါ”ဟု (လျှောက်ကုန်၏)။

အမျိုးသားတို့ သင်တို့အား မိမိကိုယ်၌ ဆောင်ထားထိုက်သော တရားဒေသနာကို ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “အသျှင် ဘုရား ကောင်းပါပြီ”ဟု ထိုဝေဠုဒွါရရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားအားပြန် လျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

အမျိုးသားတို့ မိမိကိုယ်၌ ဆောင်ထားထိုက်သော တရားဒေသနာဟူသည် အဘယ်နည်း။ အမျိုးသားတို့ “ငါသည် အသက်ရှင်လို မသေလို ချမ်းသာလို၏၊ ဆင်းရဲကို စက်ဆုပ်၏။ အကြင်သူသည်အသက်ရှင်လို မသေလို ချမ်းသာလိုသော ဆင်းရဲကို စက်ဆုပ်သော ငါ့အား ဇီဝိတိန္ဒြေမှ ချငြားအံ့၊ ငါသည် ထိုသူ၏ ထိုသတ်မှုကို မချစ်မနှစ်သက်။ ငါကလည်း အသက်ရှင်လို မသေလို ချမ်းသာလိုသောဆင်းရဲကို စက်ဆုပ်သော သူတစ်ပါးကို ဇီဝိတိန္ဒြေမှ ချငြားအံ့၊ သူတစ်ပါးကလည်း ထိုသတ်မှုကိုမချစ်မနှစ်သက်။ ငါ မချစ်မနှစ်သက်သော တရားကို သူတစ်ပါးသည်လည်း မချစ်မနှစ်သက်။ ငါမချစ်မနှစ်သက်သော ထို တရားနှင့် သူတစ်ပါးကို အဘယ်ကြောင့် ယှဉ်စေရာအံ့နည်း”ဟုအရိယာတပည့်သည် ဤသို့ ဆင်ခြင်၍ မိမိကိုယ်တိုင်လည်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆို၏။ ဤသို့ ထိုသူ၏ကိုယ်ကျင့်ကောင်းခြင်းသည် အစွန်းသုံးပါးမှ စင်ကြယ်၏။

အမျိုးသားတို့ နောက်တစ်မျိုးကား “အကြင်သူသည် ငါ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့်ခိုးယူငြားအံ့၊ ငါသည် ထိုသူ၏ ခိုးယူမှုကို မချစ်မနှစ်သက်။ ငါကလည်း (သူတစ်ပါး) မပေးသော ဥစ္စာကိုခိုးလိုသော စိတ်ဖြင့် ခိုးယူငြားအံ့၊ သူတစ်ပါးကလည်း ထိုခိုးယူမှုကို မချစ်မနှစ်သက်။ ငါ မချစ်မနှစ်သက်သော တရားကို သူတစ်ပါးသည်လည်း မချစ်မနှစ်သက်။ ငါ မချစ်မနှစ်သက်သော ထိုတရားနှင့် သူတစ်ပါးကို အဘယ့်ကြောင့် ယှဉ်စေရာအံ့နည်း”ဟု အရိယာတပည့်သည် ဤသို့ ဆင်ခြင်၍ မိမိကိုယ်တိုင်လည်းမပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မပေးသော ဥစ္စာကို ခိုးယူခြင်းမှရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆို၏။ ဤသို့ ထိုသူ၏ ကိုယ်ကျင့်ကောင်းခြင်းသည် အစွန်းသုံးပါးမှ စင်ကြယ်၏။

အမျိုးသားတို့ နောက်တစ်မျိုးကား “အကြင်သူသည် ငါ၏ သားမယားတို့၌ လွန်ကျူးခြင်းသို့ရောက်ငြားအံ့၊ ငါသည် ထိုသူ၏ ထိုလွန်ကျူးမှုကို မချစ်မနှစ်သက်။ ငါကလည်း (သူတစ်ပါး၏) သား့မယားတို့၌ လွန်ကျူးခြင်းသို့ ရောက်ငြားအံ့၊ သူတစ်ပါးကလည်း ထိုလွန်ကျူးမှုကို မချစ်မနှစ်သက်။ ငါမချစ်မနှစ်သက်သော တရားကို သူတစ်ပါးကလည်း မချစ်မနှစ်သက်။ ငါ မချစ်မနှစ်သက်သော ထိုတရားနှင့် သူတစ်ပါးကို အဘယ်ကြောင့် ယှဉ်စေရာအံ့နည်း”ဟု အရိယာတပည့်သည် ဤသို့ ဆင်ခြင်၍မိမိကိုယ် တိုင်လည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်းကာမတို့၌ မှား သောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ကာမတို့၌မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆို၏။ ဤသို့ ထိုသူ၏ကိုယ်ကျင့်ကောင်းခြင်းသည် အစွန်း သုံးပါးမှ စင်ကြယ်၏။

အမျိုးသားတို့ နောက်တစ်မျိုးကား “အကြင်သူသည် မမှန်ပြောခြင်းဖြင့် ငါ၏ အကျိုးကို ချိုးဖျက်ငြားအံ့၊ ငါသည် ထိုသူ၏ မမှန်ပြောဆိုမှုမျိုးကို မချစ်မနှစ်သက်။ ငါကလည်း မမှန်ပြောခြင်းဖြင့် သူတစ်ပါး၏ အကျိုးကို ချိုးဖျက်ငြားအံ့၊ သူတစ်ပါးကလည်း ထိုမမှန်ပြောဆိုမှုမျိုးကို မချစ်မနှစ်သက်။ ငါ မချစ်မနှစ်သက်သော တရားကို သူတစ်ပါးသည်လည်း မချစ်မနှစ်သက်။ ငါ မချစ်မနှစ်သက်သော တရားနှင့် သူတစ်ပါးကို အဘယ်ကြောင့် ယှဉ်စေရာအံ့နည်း”ဟု အရိယာတပည့်သည် ဤသို့ ဆင်ခြင်၍ မိမိကိုယ်တိုင်လည်းမမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆို၏။ ဤသို့ ထိုသူ၏ နှုတ်ကျင့်ကောင်းခြင်းသည် အစွန်းသုံးပါးမှ စင်ကြယ်၏။

အမျိုးသားတို့ နောက်တစ်မျိုးကား အကြင်သူသည် ကုန်းစကားဖြင့် ငါ့ကို မိတ်ဆွေတို့နှင့် ခွဲငြားအံ့၊ ငါသည် ထိုသူ၏ ကုန်းချောမှုမျိုးကို မချစ်မနှစ်သက်။ ငါကလည်း ကုန်းစကားဖြင့် သူတစ်ပါးကို မိတ်ဆွေတို့နှင့် ခွဲငြားအံ့၊ သူတစ်ပါးသည်လည်း ထိုကုန်းချောမှုကို မချစ်မနှစ်သက်။ပ။ ဤသို့ ထိုသူ၏ နှုတ်ကျင့်ကောင်းခြင်းသည် အစွန်းသုံးပါးမှ စင်ကြယ်၏။

အမျိုးသားတို့ နောက်တစ်မျိုးကား အကြင်သူသည် ကြမ်းတမ်းသော စကားဖြင့် ငါ့ကို ပြောဆိုငြား အံ့၊ ငါသည် ထိုသူ၏ ကြမ်းတမ်းစွာ ပြောဆိုမှုကို မချစ်မနှစ်သက်။ ငါကလည်း သူတစ်ပါးကို ကြမ်းတမ်းသော စကားဖြင့် ပြောဆိုငြားအံ့၊ သူတစ်ပါးသည်လည်း ထိုကြမ်းတမ်းစွာ ပြောဆိုမှုကို မချစ်မနှစ်သက်။ပ။

ဤသို့ ထိုသူ၏ နှုတ်ကျင့်ကောင်းခြင်းသည် အစွန်းသုံးပါးမှ စင်ကြယ်၏။

အမျိုးသားတို့ နောက်တစ်မျိုးကား အကြင်သူသည် ပြိန်ဖျင်းသော စကားဖြင့် ငါ့ကို ပြောဆိုငြားအံ့၊ ငါသည် ထိုသူ၏ အပြိန်အဖျင်းပြောဆိုမှုကို မချစ်မနှစ်သက်။ ငါကလည်း သူတစ်ပါးကို ပြိန်ဖျင်းသောစကားဖြင့် ပြောဆိုငြားအံ့၊ သူတစ်ပါးသည်လည်း ထိုအပြိန်အဖျင်းပြောဆိုမှုကို မချစ်မနှစ်သက်။ ငါ မချစ်မနှစ်သက်သော တရားကို သူတစ်ပါးသည်လည်း မချစ်မနှစ်သက်။ ငါ မချစ်မနှစ်သက်သော ထိုတရားနှင့်သူတစ်ပါးကို အဘယ်ကြောင့် ယှဉ်စေရာအံ့နည်း”ဟု အရိယာတပည့်သည် ဤသို့ ဆင်ခြင်၍ မိမိကိုယ်တိုင်လည်း ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း ၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆို၏။ ဤသို့ ထိုသူ၏ နှုတ်ကျင့်ကောင်းခြင်းသည်အစွန်းသုံးပါးမှ စင် ကြယ်၏။

ထိုအရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ “မြတ်စွာဘုရား၏တပည့် သားသံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူ၏။ပ။ လူအပေါင်း၌ ကောင်းမှုပြုရန့်အမြတ်ဆုံးလယ် မြေ ဖြစ်၏”ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ မကျိုးကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သောသီလတို့နှင့် ပြည့်စုံ၏။

အမျိုးသားတို့ အရိယာတပည့်သည် ဤသူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံခြင်းကြောင့်အလိုရှိခဲ့သော် ဤလိုလားအပ်သောအကြောင်းလေးမျိုးတို့ဖြင့် မိမိကိုယ်ကို ကိုယ်တိုင်ပင် (ငါ့အား) “ငရဲပဋိသန္ဓေ ကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေ ကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေ ကုန်ပြီ၊ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ချမ်းသာကင်းရာ အပါယ်ပဋိသန္ဓေ ကုန်ပြီ၊ ငါသည်ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသောသောတာပန်ဖြစ်၏”ဟု ပြောကြား နိုင်ရာ၏။

ဤသို့ မိန့်တော်မူလတ်သော် ဝေဠုဒွါရရွာသားပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားအားဤစကားကို လျှောက်ကုန်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။

အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်သော ဥပါသကာ”ဟု မှတ်တော်မူပါဟု (လျှောက်ကုန်၏)။

သတ္တမသုတ်။