သံယုတ္တနိကာယ်—၅၅

၁—ဝေဠုဒွါရဝဂ်

၈—ပဌမ ဂိဉ္ဇကာဝသထသုတ်

၁ဝဝ၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဉာတိကရွာအုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

အသျှင်ဘုရား သာဠှမည်သော ရဟန်းသည် ကွယ်လွန်ခဲ့ပါပြီ၊ ထိုသာဠှ၏ လားရာ ‘ဂတိ’ ကားအဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်နည်း။ အသျှင်ဘုရား နန္ဒာမည်သော ရဟန်းမသည် ကွယ်လွန်ခဲ့ပါပြီ၊ ထိုရဟန်းမ၏ လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။ အသျှင်ဘုရား သုဒတ္တမည်သော ဥပါသကာသည် ကွယ်လွန်ခဲ့ပါပြီ၊ ထိုဥပါသကာ၏ လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။ အသျှင်ဘုရား သုဇာတာမည်သော ဥပါသိကာမသည် ကွယ်လွန်ခဲ့ပါပြီ၊ ထိုဥပါသိကာမ၏ လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်းဟု (လျှောက်၏)။

အာနန္ဒာ ကွယ်လွန်သွားသော သာဠှရဟန်းသည် အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝ ကင်း၍ (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာပေတည်း။ အာနန္ဒာ ကွယ်လွန်သွားသော နန္ဒာရဟန်းမသည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ထိုဗြဟ္မာ့ဘုံ၌ ဖြစ်၍ ထိုဘုံမှ ပြန်လည်ခြင်းသဘော မရှိဘဲ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပေတည်း။ အာနန္ဒာကွယ်လွန်သွားသော သုဒတ္တဥပါသကာသည် သံယောဇဉ်သုံးပါးတို့ ကုန်သည့်အပြင် တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာ လာ၍ဆင်းရဲ၏ အဆုံးကို ပြုမည့် သကဒါဂါမ်ပေတည်း။ အာနန္ဒာ ကွယ်လွန်သွားသော သုဇာတာဥပါသိကာမသည် သံယောဇဉ်သုံးပါးတို့ ကုန်ခြင်းကြောင့် အပါယ်သို့ ကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ပေတည်း။

အာနန္ဒာ ဤအရာသည် အံ့ဖွယ် မဟုတ်၊ အာနန္ဒာ လူသားဖြစ်သူ သေတိုင်းပင် ငါဘုရားထံသို့ချဉ်းကပ်၍ ဤအကြောင်းအရာကို မေးမြန်းနေကြလျှင် မြတ်စွာဘုရားအား ပင်ပန်းခြင်းသာ ဖြစ်ရာ၏၊ အာနန္ဒာ ထို့ကြောင့် ကြေးမုံ (တရား) မည်သော ဒေသနာတော်ကို ဟောကြားပေအံ့၊ ယင်းကြေးမုံတရားနှင့်ပြည့်စုံသောအရိယာသာဝကသည် ပြောကြားလိုပါမူ “ငါ့အား ငရဲပဋိသန္ဓေ ကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေ ကုန်ပြီ၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ချမ်းသာကင်းရာ အပါယ်ပဋိသန္ဓေ ကုန်ပြီ၊ ငါသည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏”ဟု မိမိကိုယ်တိုင် မိမိအကြောင်းကို ပြောကြားနိုင်ပေ၏။

ယင်းကြေးမုံတရားကား အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သောအရိယာတို့နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ ဤသည်ပင် ကြေးမုံတရားတည်း။

ယင်းကြေးမုံတရားနှင့် ပြည့်စုံသောအရိယာတပည့်သည် ပြောကြားလိုခဲ့မူ “ငါ့အား ငရဲပဋိသန္ဓေကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေ ကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေ ကုန်ပြီ၊ မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ အပါယ်ပဋိသန္ဓေ ကုန်ပြီ၊ ငါသည် ပျက်စီးခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏”ဟု မိမိကိုယ်တိုင်ပင် မိမိအကြောင်းကိုပြောကြားနိုင်ပေ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

[ဤသုံးသုတ်တို့သည် နိဒါန်းတူကုန်၏]။