သံယုတ္တနိကာယ်—၅၆

၁—သမာဓိဝဂ်

၁—သမာဓိသုတ်

၁ဝ၇၁။ သာဝတ္ထိနိဒါန်း။ပ။ ရဟန်းတို့ တည်ကြည်မှု ‘သမာဓိ’ကို ပွားများကြကုန်လော့၊ ရဟန်းတို့တည်ကြည်သော ရဟန်းသည်ဟုတ်တိုင်းမှန်စွာ သိ၏။ အဘယ်သို့လျှင်ဟုတ်တိုင်းမှန်စွာ သိသနည်း—

“ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ တည်ကြည်မှု ‘သမာဓိ’ကို ပွားများကြကုန်လော့၊ ရဟန်းတို့ တည်ကြည်သော ရဟန်း သည်ဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။