သံယုတ္တနိကာယ်—၅၆

၃—ကောဋိဂါမဝဂ်

၁ဝ—ဂဝမ္ပတိသုတ်

၁၁ဝဝ။ အခါတစ်ပါး၌ များစွာသော မထေရ်ရဟန်းတို့သည် စေတတိုင်း သဟဉ္စနိကမြို့၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ များစွာသော မထေရ်ရဟန်းတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကြ၍တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြစဉ် “ငါ့သျှင်တို့ ဆင်းရဲကို မြင်သော သူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်သလော၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်သလော၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုလည်း မြင်သလော”ဟု ဤသို့သောအကြား၌ ဖြစ်သော စကားသည် ဖြစ်ပေါ်လာ၏။

ဤသို့ ပြောဆိုကြသည်ရှိသော် အသျှင်ဂဝမ္ပတိမထေရ်သည် ရဟန်းတို့အား ဤစကားကို ဆို၏—“ငါ့သျှင်တို့ ဤတရားစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားနာသင်ယူခဲ့ရ၏၊ ‘ရဟန်းတို့ဆင်းရဲကို မြင်သော သူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်းမြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုလည်း မြင်၏။ ဆင်းရဲဖြစ်ပေါ်ကြောင်းကို မြင်သော သူသည် ဆင်းရဲကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကို မြင်သော သူသည် ဆင်းရဲကိုလည်းမြင်၏၊ ဆင်းရဲဖြစ်ပေါ်ကြောင်း ကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့် ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မြင်သောသူသည် ဆင်းရဲကိုလည်း မြင်၏၊ ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏’ဟု ဤတရားစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားနာသင်ယူခဲ့ရ၏”ဟု ပြောဆိုလေ၏။

ဒသမသုတ်။

သုံးခုမြောက် ကောဋိဂါမဝဂ် ပြီး၏။