သံယုတ္တနိကာယ်—၅၆

၄—သီသပါဝနဝဂ်

၁—သီသပါဝနသုတ်

၁၁ဝ၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ယင်းတိုက်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ယင်းတိုက်ရွက်တို့ကို လက်ဖြင့် ကိုင်၍ “ရဟန်းတို့ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ငါ လက်ဖြင့် ကိုင်ထားအပ်ကုန်သောအနည်းငယ်သောယင်းတိုက်ရွက်တို့နှင့် ယင်းတိုက်တော အတွင်းရှိ ယင်းတိုက်ရွက်တို့သည် အဘယ်ကများပြားသနည်း”ဟု ရဟန်းတို့ကို မိန့်တော်မူ၏။ အသျှင်ဘုရား မြတ်စွာဘုရားလက်ဖြင့်ကိုင်ထားအပ်ကုန်သော ယင်းတိုက်ရွက် တို့သည် နည်းလှပါကုန်၏၊ စင်စစ်သော်ကား ယင်းတိုက်တောအတွင်းရှိ ယင်းတိုက်ရွက်တို့သာ များလှပါ ကုန်၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ဤအတူပင် ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ မဟောအပ်သော တရားသည်သာ များပြား၏၊ အဘယ့်ကြောင့် ထိုတရားကို ငါ မဟောသနည်းဟူမူ— ရဟန်းတို့ ထိုတရားသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ့ရန် တပ်မက်မှု ကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှ ထွက်မြောက်ရန် မဖြစ်၊ ထို့ကြောင့် ထိုတရားကို ငါ မဟောအပ်။

ရဟန်းတို့ အဘယ်တရားမျိုးကို ငါ ဟောအပ်သနည်းဟူမူ—ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟု ငါဟောအပ်၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု ငါ ဟောအပ်၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟု ငါ ဟောအပ်၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း့အကျင့်တည်း”ဟု ငါ ဟောအပ်၏။

ရဟန်းတို့ အဘယ့်ကြောင့် ထိုတရားကို ဟောသနည်းဟူမူ— ရဟန်းတို့ ထိုတရားသည် အကျိုးစီးပွားနှင့် စပ်၏၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစဖြစ်၏၊ ထိုတရားသည် ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှ ထွက်မြောက်ရန် ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို ဟောအပ်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။