သံယုတ္တနိကာယ်—၅၆

၄—သီသပါဝနဝဂ်

၂—ခဒိရပတ္တသုတ်

၁၁ဝ၂။ “ငါသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိ မူ၍ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိမူ၍ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိမူ၍ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်မြတ်ဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာထိုးထွင်း မသိမူ၍ ဆင်းရဲ၏ အဆုံးကို ပြုလိမ့်မည်”ဟု ဤသို့ ပြောရာသောအကြောင်းသည် မရှိ။

ရဟန်းတို့ ဥပမာသော်ကား “ငါသည် ရှားရွက်တို့ကိုလည်းကောင်း၊ ထင်းရှူးရွက်တို့ကိုလည်းကောင်း၊ သျှစ်သျှားရွက်တို့ကိုလည်းကောင်း ဖက်ခွက် ပြုလုပ်၍ ရေကိုမူလည်း ဆောင်အံ့၊ (ဖက်လိပ်) နားတောင်း ပြုလုပ်၍မူလည်း ပန်အံ့”ဟု ဤသို့ ပြောဆိုရာသောအကြောင်းသည် မရှိသကဲ့သို့ ထို့အတူပင်ရဟန်းတို့ “ငါသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိမူ၍။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိမူ၍ ကောင်းစွာ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လိမ့်မည်”ဟု ဤသို့ ပြောဆိုရာသောအကြောင်းသည် မရှိ။

ရဟန်းတို့ “ငါသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည်ဖြစ်၍ ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည်ဖြစ်၍ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည်ဖြစ်၍ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့််ဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည်ဖြစ်၍ ကောင်းစွာ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လိမ့်မည်”ဟု ဤသို့ ပြောဆိုရာသောအကြောင်းသည် ရှိ၏။

ရဟန်းတို့ ဥပမာသော်ကား “ငါသည် ပဒုမာကြာရွက်တို့ကိုလည်းကောင်း၊ ပေါက်ရွက်တို့ကိုလည်းကောင်း၊ ခွေးတောက် (မာလော) ရွက်တို့ကိုလည်းကောင်း ဖက်ခွက် ပြုလုပ်၍ ရေကိုမူလည်း ဆောင်အံ့၊ (ဖက်လိပ်) နားတောင်း ပြုလုပ်၍မူလည်း ပန်အံ့”ဟု ဤသို့ ပြောဆိုရာသောအကြောင်းရှိသကဲ့သို့ ထို့အတူပင် ရဟန်းတို့ “ငါသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည်ဖြစ်၍။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့််ဖြစ်သောအရိယာတို့၏ အမှန်တရားကိုဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည်ဖြစ်၍ ကောင်းစွာ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လိမ့်မည်”ဟု ဤသို့ပြောဆိုရာသောအကြောင်းသည် ရှိ၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့််တည်း”ဟု သိရန် အားထုတ်ရမည်ဟု့ (မိန့်တော်မူ၏)။

ဒုတိယသုတ်။