သံယုတ္တနိကာယ်—၅၆

၄—သီသပါဝနဝဂ်

၃—ဒဏ္ဍသုတ်

၁၁ဝ၃။ ရဟန်းတို့ ဥပမာသော်ကား ကောင်းကင်ထက်သို့ ပစ်လွှင့်သော တုတ်သည် တစ်ခါတစ်ရံလည်း အရင်းဖြင့် ကျ၍ တစ်ခါတစ်ရံလည်း အဖျားဖြင့် ကျသကဲ့သို့ ရဟန်းတို့ ထို့အတူပင် အဝိဇ္ဇာပိတ်ဆို့ခံရကုန်သည် ဖြစ်၍ တဏှာဖြင့် ချည်နှောင်ခံရကုန်သည် ဖြစ်၍ ပြေးသွားကြရ ကျင်လည်ကြရကုန်သော သတ္တဝါတို့သည် တစ်ခါတစ်ရံလည်း ဤလောကမှ တမလွန်လောကသို့ သွားရကုန်၏၊ တစ်ခါတစ်ရံလည်း တမလွန်လောကမှ ဤလောကသို့ လာရကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်း တို့ အရိယာတို့၏ အမှန်တရားလေးပါးတို့ကို မမြင်ကြခြင်းကြောင့်တည်း။ အဘယ်လေးပါးတို့နည်း —

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။