သံယုတ္တနိကာယ်—၅၆

၄—သီသပါဝနဝဂ်

၆—ပါဏသုတ်

၁၁ဝ၆။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ဤဇမ္ဗူဒိပ်ကျွန်း၌ မြက် သစ်သား သစ်ခက်သစ်ရွက်တို့ကို ဖြတ်တောက် ခုတ်ရွေ၍ တပေါင်းတည်း စုပုံရာ၏၊ တပေါင်းတည်း စုပုံ၍ တံစို့လုပ်ရာ၏၊ တံစို့ လုပ်၍ မဟာသမုဒ္ဒရာ၌ ရှိသော သတ္တဝါကြီးတို့ကို တံစို့ကြီးတို့၌ သီရာ၏၊ မဟာသမုဒ္ဒရာ၌ ရှိသော သတ္တဝါလတ်တို့ကို တံစို့လတ်တို့၌ သီရာ၏၊ မဟာသမုဒ္ဒရာ၌ ရှိသောသတ္တဝါငယ်တို့ကို တံစို့ငယ်တို့၌ သီရာ၏၊ ရဟန်းတို့ စင်စစ်သော်ကား ဤဇမ္ဗူဒိပ်ကျွန်း၌ မြက်သစ်သား သစ်ခက် သစ်ရွက်သည် ကုန် သော် ကုန်ရာ၏၊ မဟာသမုဒ္ဒရာ၌ (တံစို့သီနိုင်လောက်အောင်) ကြီးသော သတ္တဝါတို့သည်ကား မကုန်နိုင် ရာ၊ ရဟန်းတို့ မဟာသမုဒ္ဒရာ၌ တံစို့မသီနိုင်လောက်အောင်ပင် သေးမွှားသော သတ္တဝါတို့သည် ထို့ ထက်ပင် များပြားကုန်သေး၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အတ္တဘော၏ သိမ်မွေ့ခြင်းကြောင့်တည်း။

ရဟန်းတို့ ဤသို့လျှင် အပါယ်သတ္တဝါသည် များပြား၏၊ ရဟန်းတို့ ဤသို့ များပြားသောအပါယ်သတ္တဝါမှ လွတ်မြောက်ပြီးသောအမြင်မှန် (မဂ်ပညာ) နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။