သံယုတ္တနိကာယ်—၅၆

၄—သီသပါဝနဝဂ်

၈—ဒုတိယ သူရိယသုတ်

၁၁ဝ၈။ ရဟန်းတို့ လနေတို့သည် လောက၌ မဖြစ်ကြသေးသမျှ ကာလပတ်လုံး ကြီးစွာသောအလင်းရောင်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မဖြစ်သေး၊ ထိုအခါ၌ အမိုက်ထု အမှောင်ထုသည် ဖြစ်၏၊ ညဉ့်နေ့တို့သည်လည်း မထင်ရှားသေးကုန်၊ လ လခွဲတို့သည်လည်း မထင်ရှားသေးကုန်၊ ဥတု နှစ်တို့သည်လည်း မထင်ရှားသေးကုန်။

ရဟန်းတို့ လနေတို့သည် လောက၌ ဖြစ်ပေါ်ကြသောအခါမှ စ၍ ကြီးစွာသောအလင်းရောင်၏ထင်ရှားဖြစ်ပေါ်လာခြင်းသည် ဖြစ်၏၊ ထိုအခါ၌ အမိုက်ထု အမှောင်ထုသည် မဖြစ်၊ ထိုအခါ၌ ညဉ့် နေ့တို့သည် ထင်ရှားကုန်၏၊ လ လခွဲတို့သည်လည်း ထင်ရှားကုန်၏၊ ဥတု နှစ်တို့သည်လည်း ထင်ရှားကုန်၏။ ရဟန်းတို့ ဤအတူပင် လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ် တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ပွင့်တော် မမူသေးသမျှ ကာလပတ်လုံး ကြီးစွာသောအလင်း ရောင် ထင်ရှားမဖြစ်ပေါ်လာသေး၊ ထိုအခါ၌ အမိုက်ထု အမှောင်ထုသာ ဖြစ်၏၊ အရိယာတို့၏အမှန်တရား သစ္စာလေးပါးတို့ကို ပြောကြားခြင်း ဟောခြင်း သိစေခြင်း ဖြစ်စေခြင်း ဖွင့်လှစ်ခြင်းဝေဖန်ခြင်းနှင့် ပေါ် လွင်အောင် ပြုခြင်းတို့သည် မဖြစ်ကုန်။

ရဟန်းတို့ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ပွင့်တော်မူသော အခါမှ စ၍ ကြီးစွာသောအလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါ၌ အမိုက်ထု အမှောင်ထုသည် မဖြစ်၊ ထိုအခါ၌ မြတ်သောအရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့ကို ပြောကြားခြင်း ဟောကြားခြင်း သိစေခြင်း ဖြစ်စေခြင်း ဖွင့်လှစ်ခြင်း ဝေဖန်ခြင်း ပေါ်လွင်အောင် ပြုခြင်းတို့သည် ဖြစ်ကုန်၏။ အဘယ်လေးပါးတို့နည်း —

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။