သံယုတ္တနိကာယ်—၅၆

၄—သီသပါဝနဝဂ်

၉—ဣန္ဒခီလသုတ်

၁၁ဝ၉။ ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ။ပ။ “ဤကား့ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ သမဏဗြာဟ္မဏဟူသမျှတို့သည် “ဤအသျှင်သည် သိသင့်သည်ကို သိယောင်တကား၊ မြင်သင့်သည်ကိုမြင်ယောင်တကား”ဟု အခြားသော သမဏဗြာဟ္မဏ ဟူသမျှတို့၏ မျက်နှာကို မော်ကြည့်ကြရကုန်၏။

ရဟန်းတို့ ဥပမာသော်ကား လေဆောင်ယူနိုင်လောက်အောင် ပေါ့ပါး၍ မြေညီရာ၌ ချထားသောလဲစိုင် ဝါဂွမ်းစိုင်ကို အရှေ့မှ တိုက်ခတ်သော လေသည် အနောက်သို့ ဆောင်ယူသွားရာ၏၊ အနောက်မှတိုက်ခတ်သော လေသည် အရှေ့သို့ ဆောင်ယူသွားရာ၏၊ မြောက်မှ တိုက်ခတ်သော လေသည်တောင်သို့ ဆောင်ယူသွားရာ၏၊ တောင်မှ တိုက်ခတ်သော လေသည် မြောက်သို့ ဆောင်ယူသွားရာ၏။ ထိုသို့ဖြစ်ခြင်း သည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ လဲ ဝါဂွမ်းစိုင်၏ ပေါ့ခြင်းကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ။ပ။ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိကြသူ သမဏဗြာဟ္မဏဟူသမျှတို့သည် “ဤအသျှင်သည် သိသင့်သည်ကို သိယောင်တကား၊ မြင်သင့်သည်ကိုမြင်ယောင်တကား”ဟု အခြားသော သမဏဗြာဟ္မဏ ဟူသမျှတို့၏ မျက်နှာကို မော်ကြည့်ကြရကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့ကိုမမြင်ခြင်းကြောင့်တည်း။

ရဟန်းတို့ “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ သမဏဗြာဟ္မဏ ဟူသမျှတို့သည်”ဤအသျှင်သည် သိသင့်သည်ကို သိယောင်တကား၊ မြင်သင့်သည်ကို မြင်ယောင်တကား”ဟု အခြားသောသမဏဗြာဟ္မဏ ဟူသမျှတို့၏ မျက်နှာကို မော်မကြည့်ကြရကုန်။

ရဟန်းတို့ ဥပမာသော်ကား မြေဝင်နက်၍ ကောင်းစွာ စိုက်ထားသော သံတိုင်သည်လည်းကောင်း၊ တံခါးတိုင်သည်လည်းကောင်း မတုန်မလှုပ်၊ အရှေ့အရပ်မှ လေပြင်းမုန်တိုင်း တိုက်ခတ်လာစေကာမူမတုန် မလှုပ် မယိမ်းမယိုင်နိုင်ရာ။ အနောက်အရပ်မှ တိုက်ခတ်လာစေကာမူ။ပ။ မြောက်အရပ်မှတိုက်ခတ်လာစေ ကာမူ။ပ။ တောင်အရပ်မှ လေပြင်းမုန်တိုင်း တိုက်ခတ်လာစေကာမူ မတုန်မလှုပ်မယိမ်းမယိုင်နိုင်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ မြေဝင်နက်၍ တံခါးတိုင်ကိုကောင်းစွာ စိုက်ထားခြင်း ကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ။ပ။ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိကြသူ သမဏဗြာဟ္မဏဟူသမျှတို့သည် “ဤအသျှင်သည် သိသင့်သည်ကို သိယောင်တကား၊ မြင်သင့်သည်ကိုမြင်ယောင်တကား”ဟု အခြားသော သမဏဗြာဟ္မဏတို့၏ မျက်နှာကို မော်မကြည့်ကြရကုန်။ ထိုသို့ဖြစ်ခြင်းသည် အဘယ် ကြောင့်နည်း၊ ရဟန်းတို့ အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့ကိုကောင်းစွာ မြင်ခြင်းကြောင့် တည်း။ အဘယ်လေးပါးတို့နည်း —

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။