သံယုတ္တနိကာယ်—၅၆

၄—သီသပါဝနဝဂ်

၁ဝ—ဝါဒတ္ထိကသုတ်

၁၁၁ဝ။ ရဟန်းတို့ တစ်စုံတစ်ယောက်သော ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာသိ၏၊ အယူ (ဝါဒ) ကို အလိုရှိ၍ အယူဝါဒကို ရှာလေ့ရှိသော သမဏဗြာဟ္မဏသည် “ထိုရဟန်းအား အယူ (ဝါဒ) ကို တင်အံ့”ဟု အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လာစေကာမူ ထိုဟုတ်တိုင်းမှန်စွာ သိသော ရဟန်းကို အကြောင်းယုတ္တိနှင့် တကွ တုန်လှုပ်စေလတ္တံ့၊ ယိမ်းယိုင်စေလတ္တံ့ဟူသောအကြောင်းသည် မရှိ။

ရဟန်းတို့ ဥပမာသော်ကား မြေဝင် ရှစ်တောင် မြေပေါ် ရှစ်တောင်ရှိ၍ တစ်ဆယ့်ခြောက်တောင်ရှိကျောက်တိုင်သည် အရှေ့အရပ်မှလည်းကောင်း ။ပ။ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လေပြင်းမုန်တိုင်း တိုက်ခတ်လာစေကာမူ မတုန်မလှုပ်မယိမ်းမယိုင် နိုင်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မြေဝင်နက်၍ ကျောက်တိုင်ကိုကောင်းစွာ စိုက်ထားခြင်းကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် အကြင်ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာသိ၏။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ အယူ (ဝါဒ) ကို အလိုရှိ၍ အယူဝါဒကို ရှာလေ့ရှိသော သမဏဗြာဟ္မဏသည် “ထိုရဟန်းအား အယူ (ဝါဒ) ကိုတင်အံ့”ဟု အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း အကယ်၍ လာရာ၏။ ထိုဟုတ်တိုင်းမှန်စွာ သိသော ရဟန်းကိုအကြောင်းနှင့် တကွ တုန်လှုပ်ယိမ်းယိုင်စေနိုင်လတ္တံ့ဟူသောအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့် နည်း၊ ရဟန်းတို့ အရိယာတို့၏ အမှန်တရား လေးပါးတို့ကို ကောင်းစွာမြင်ခြင်းကြောင့်တည်း။ အဘယ် လေးပါးတို့ကိုနည်း၊

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် သီသပါဝနဝဂ် ပြီး၏။