သံယုတ္တနိကာယ်—၅၆

၅—ပပါတဝဂ်

၁—လောကစိန္တာသုတ်

၁၁၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကိုမိန့်တော်မူ၏— “ရဟန်းတို့ ရှေးက ဖြစ်ဖူးသည်ကား ယောကျာ်းတစ်ယောက်သည် ‘ကြံစည်ဖွယ်ရာလောကရေးရာ ‘လောကစိန္တာ’ကို ကြံအံ့’ဟု ရာဇဂြိုဟ်ပြည်မှ ထွက်၍ သုမာဂဓရေကန်ရှိရာသို့ချဉ်းကပ်ပြီးလျှင် သုမာဂဓ ရေကန် ကမ်းနား၌ လောကစိန္တာကို ကြံလျက် ထိုင်နေ၏၊ ရဟန်းတို့ထိုယောကျာ်းသည် သုမာဂဓ ရေကန် ကမ်းနား၌ ကြာစွယ်ကြာရင်းသို့ ဝင်သွားသောအင်္ဂါလေးပါးရှိသောစစ်သည်ကို မြင်ရ၍ ‘ငါသည် ကား ရူးလေယောင်တကား၊ ငါသည်ကား စိတ်ပျံ့လွင့် လေယောင်တကား၊ လောက၌ မရှိသောအရာကို ငါ မြင်၏’ဟု ဤသို့ အကြံ ဖြစ်လေ၏။ ရဟန်းတို့ ထို့နောက်ထိုယောကျာ်းသည် မြို့သို့ ဝင်၍ ‘အသျှင် တို့ ငါသည်ကား ရူးလေယောင်တကား၊ အသျှင်တို့ငါသည်ကား စိတ်ပျံ့လွင့်လေယောင်တကား၊ လောက၌ မရှိသောအရာကို ငါ မြင်၏’ဟု များစွာသော လူအပေါင်းအား ပြောကြားလေ၏။

အမောင်ယောကျာ်း အဘယ်သို့လျှင် သင် ရူးသနည်း၊ အမောင်ယောကျာ်း အဘယ်သို့လျှင် သင်စိတ်ပျံ့လွင့်သနည်း၊ သင်မြင်သောအရာသည် လောက၌ စိုးစဉ်းမျှ မရှိသလောဟု မေးကြ၏။ အသျှင်တို့ဤအရပ်၌ ငါသည် လောကစိန္တာကို ကြံအံ့ဟု ရာဇဂြိုဟ်ပြည်မှ ထွက်ခဲ့၍ သုမာဂဓရေကန်ရှိရာသို့ ချဉ်းကပ်ပြီးလျှင် သုမာဂဓရေကန် ကမ်းနား၌ လောကစိန္တာကို ကြံလျက် ထိုင်နေပါ၏၊ အရှင်တို့ ငါသည်သုမာဂဓရေကန် ကမ်းနား၌ ကြာစွယ်ကြင်ရင်းသို့ ဝင်သွားသောအင်္ဂါလေးပါးရှိသော စစ်သည်ကို မြင်ရပါ၏၊ အရှင်တို့ ငါသည် ဤသို့လျှင် ရူးပါ၏၊ ဤသို့လျှင် စိတ်ပျံ့လွင့်ပါ၏၊ ငါ မြင်သော ဤအရာသည်လည်း လောက၌ မရှိဟု ပြောကြား၏။ အမောင်ယောကျာ်း သင်သည် အမှန်ရူးလေပြီ၊ အမှန်စိတ်ပျံ့လွင့်လေပြီ၊ သင် မြင်သော ဤအရာသည်လည်း လောက၌ မရှိ”ဟု ပြောကုန်၏။

ရဟန်းတို့ ထိုယောကျာ်းသည် အမှန်ကိုသာ မြင်၏၊ မမှန်ကို မြင်သည် မဟုတ်။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်နှင့် အသုရာတို့ စစ်ပွဲသည် ရင်ဆိုင် ချီတက်ခဲ့ဖူး၏၊ ရဟန်းတို့ ထိုစစ်ပွဲ၌ နတ်တို့အောင်မြင်ကုန်၏၊ အသုရာတို့ ရှုံးနိမ့်ကုန်၏၊ ရဟန်းတို့ ရှုံးနိမ့်သောအသုရာတို့သည် ကြောက်လန့်ကုန်သည် ဖြစ်၍ နတ်တို့ကို မိန်းမောတွေဝေစေလျက် ကြာစွယ်ကြာရင်းဖြင့် အသုရာပြည်သို့ ဝင်ကုန်၏။

ရဟန်းတို့ ထို့ကြောင့် “လောကသည် မြဲ၏”ဟုလည်းကောင်း၊ “လောကသည် မမြဲ”ဟုလည်းကောင်း၊ “လောကသည် အဆုံးရှိ၏”ဟုလည်းကောင်း၊ “လောကသည် အဆုံးမရှိ”ဟုလည်းကောင်း၊ “ထိုအသက်သည်ပင် ထိုကိုယ်ဖြစ်၏”ဟုလည်းကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟုလည်းကောင်း၊ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏”ဟုလည်းကောင်း၊ “သတ္တဝါသည် သေပြီးသည်မှနောက်၌ မဖြစ်”ဟုလည်းကောင်း၊ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်းမ ဖြစ်”ဟုလည်းကောင်း၊ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်”ဟုလည်းကောင်း လောကစိန္တာကို မကြံကန်ရာ။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤအကြံသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်ဟူသောအကျင့်မြတ်၏အစမဟုတ်၊ ငြီးငွေ့ရန် တပ်မက်မှု ကင်းရန် ချုပ်ရန် ငြိမ်းရန် ထိုးထွင်း၍ သိရန် ကိုယ်တိုင် သိရန်တဏှာမှ ထွက်မြောက်ရန် မဖြစ်။

ရဟန်းတို့ သင်တို့ ကြံစည်လိုကုန်သည်ရှိသော် “ဤကား ဆင်းရဲတည်း”ဟု ကြံစည်ကုန်ရာ၏။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု ကြံစည်ကုန်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤအကြံအစည်သည် အကျိုးစီးပွားနှင့် စပ်၏၊ ဤအကြံအစည်သည် မဂ်တည်းဟူသောအကျင့်မြတ်၏ အစဖြစ်၏၊ ဤအကြံအစည်သည် ငြီးငွေ့ရန် တပ်မက်မှု ကင်းရန်ချုပ်ရန် ငြိမ်းရန် ထိုးထွင်း၍ သိရန် တဏှာမှ ထွက်မြောက်ရန် ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။

“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။